
ကွယ်လွန်သွားပြီဖြစ်တဲ့ ဇမ်ဘီယာသမ္မတဟောင်း အက်ဒ်ဂါ လွန်းဂူးရဲ့ ရုပ်အလောင်းကို ဘယ်နိုင်ငံမှာ၊ ဘယ်လိုစောင့်ရှောက်မလဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့မိသားစုနဲ့ ဇမ်ဘီယာအစိုးရတို့အကြား အငြင်းပွားမှုကို ယာယီ သဘောတူညီချက်အရ ဖြေရှင်းထားပြီး အယူခံဝင်ထားတဲ့ရလဒ် မထွက်မချင်း မြို့တော် ပရီတိုးရီးယားက ရင်ခွဲရုံတခုမှာ ထားရှိမယ်လို့ ဧပြီ ၃၀ ရက်မှာ တောင်အာဖရိကတရားရုံးက ကြားဝင် ဆုံးဖြတ် အမိန့်ချမှတ်ခဲ့ပါတယ်။
သမ္မတဟောင်းရဲ့ ရုပ်အလောင်းကို ပရီတိုးရီးယား အရှေ့ပိုင်းရှိ AVBOB ရင်ခွဲရုံမှာ ချက်ချင်းပြောင်းရွှေ့ထားရှိရမှာ ဖြစ်ပြီးတော့ ထိန်းသိမ်းခ ကုန်ကျစရိတ်အားလုံးကို ဇမ်ဘီယာအစိုးရက ကျခံရမှာဖြစ်တယ်လို့ ပရီတိုးရီးယားရှိ တောင်အာဖရိကတရားရုံးချုပ်က တရားသူကြီး ပီယက် ဗန် နီကာ့ခ်က တရားရုံးအမိန့်အဖြစ် ကြေညာခဲ့ပါတယ်။
ဒီအစီအစဉ်ဟာ တောင်အာဖရိက အယူခံတရားရုံးချုပ်မှာ တင်ထားတဲ့ အယူခံဝင်မှုကိစ္စတွေ မပြီးမချင်း အတည်ဖြစ်နေမှာလို့ လွန်းဂူး မိသားစုရဲ့ရှေ့နေ တမ်ဘီကာ ငူကူကိုင်တိုဘီက ဆိုပါတယ်။
တရားသူကြီးကလည်း နှစ်ဖက်လုံးဟာ သဘောတူညီချက်နဲ့ အမှုကို ဖြေရှင်းခဲ့တာကြောင့် ကုန်ကျစရိတ်အမိန့်ကို ပယ်ဖျက်ခဲ့ပြီး အမှုကို ဆက်လက်မတိုးချဲ့သင့်ကြောင်း၊ အယူခံလုပ်ငန်းစဉ်ကို စောင့်ဆိုင်းသင့်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ရုပ်အလောင်းကိုတော့ မိသားစုဝင်တွေသာ ကြည့်ရှုခွင့်ရှိပြီး တခြားသူတွေ ကြည့်ရှုလိုရင်တော့ တရားရုံးမှာ လျှောက်ထားရမှာဖြစ်သလို မိသားစုဘက်ကလည်း ကန့်ကွက်ပိုင်ခွင့် ရှိပါတယ်။
မိသားစုဝင်တွေဟာ သမ္မတဟောင်းအတွက် ပူဆွေးနေရတဲ့အပြင် တရားရုံးအမိန့် မပါရှိဘဲ၊ မိသားစုဝင်တွေလည်း မရှိဘဲနဲ့ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးမှု လုပ်ခဲ့တာနဲ့ ရုပ်အလောင်းကို ရွှေ့ပြောင်းခဲ့တာတွေကြောင့် အလွန်စိတ်မကောင်းဖြစ်ပြီး ဒေါသထွက်နေကြပါတယ်။
ဇမ်ဘီယာအစိုးရ ထောက်ခံသူတွေကတော့ သမ္မတဟောင်းရဲ့ ရုပ်အလောင်းကို ဇမ်ဘီယာနိုင်ငံမှာပဲ အနားယူစေချင်ကြပါတယ်။
သမ္မတဟောင်း လွန်းဂူးဟာ မျိုးချစ်တပ်ဦး ပါတီခေါင်းဆောင်ကနေ သမ္မတအဖြစ် ၂၀၁၅ ကနေ ၂၀၂၁ အထိ ဇမ်ဘီယာကို ဦးဆောင်ခဲ့သူဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်ဖို့နဲ့ ပြည်သူကို အလုပ်အကျွေးပြုဖို့ ကတိပေးခဲ့တဲ့ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။
Source: Reuters










