DVB Logo
Home
မြန်မာသတင်း
သံတွဲ၊ ဂွနှင့် တောင်ကုတ် မြို့နယ်များ၌  ညမထွက်ရအမိန့် AA ထုတ်ပြန်
DVB
·
August 28, 2026
Photo: APM
Photo: APM
Donate to DVB

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ ဂွမြို့နယ်နဲ့ တောင်ကုတ်မြို့နယ် ၃ မြို့နယ်မှာ စစ်အာဏာရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ရေကြောင်း၊ လေကြောင်း ပစ်ခတ်မှုတွေ ကြောင့် ညမထွက်အမိန့်ကို ယာယီထုတ်ပြန်ထားတယ်လို့ AA အုပ်ချုပ်ရေးအသိုက်အဝန်း ကနေ သိရပါတယ်။

AA အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “ဂွ၊ ကျိန္တလီ၊ ငပလီဘက်တွေမှာ လေကြောင်း နေ့စဉ်ဆိုသလို လာဝဲတယ်။ ပြီးတော့ ရေတပ်က လက်နက်ကြီးလှမ်းပစ်တယ်။ စကစဘက်ကလည်း ကမ်းတက်ဖို့ ကြိုးစားနေတော့ အခုလို ပြည်သူတွေကို ညမထွက်ရ ယာယီတားထားတာပါ” လို့ ပြောပါတယ်။

အဆိုပါမြို့နယ်တွေမှာ သြဂုတ်လ တတိယအပတ်ကနေ တိုက်​ခိုက်ရေးရေယာဉ် ၅ စင်းနဲ့ တခြားရေတပ်သင်္ဘောတွေ အသွားအပြန်ရှိနေပြီး ညဉ့်အချိန် ရေတပ်ကနေ လက်နက်ကြီး လှမ်းပစ်တာတွေ ရှိပါတယ်။

ဒါ့အပြင် လေကြောင်းကနေ ဂျက်လေယာဉ်နဲ့  Y12 လေယာဉ်တွေကလည်း ဧရာဝတီအစပ်၊ ဂွ၊ သံတွဲဘက်တွေပါ နေ့စဉ်ဆိုသလို ကင်းထောက်လာကာ စစ်အာဏာရှင်တပ်က ရေတပ်အကူအညီနဲ့ ကမ်းတက်ဖို့ ကြိုးပမ်းနေတာလို့ ဒေသခံက ပြောပါတယ်။

အခုလို စစ်ရေးတင်းမာနေချိန် ညမထွက်ရအမိန့်ကို တားထားကာ တကယ်လို့ စစ်ပွဲဖြစ်လာလို့ တခုခုဆိုပါက မိသားစုတွေ တညီတညွတ်တည်း စုစည်းကာ တိမ်းရှောင်လို့ ရတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။

ညမထွက်ရအမိန့်အပေါ် မအီဒေသခံ အမျိုးသားတယောက်က “အခုလိုတားဆီးတာ ကောင်းပါတယ်။ တကယ်လို့ စကစ စစ်ကြောင်းနဲ့ ရိုးထက်မှာတွေ့ရင် သူတို့ အလောင်းကိုတောင် ရမှာမဟုတ်ဘူး။ အခုက စကစ ရိုးထက်ကို တလိုင်းတောင်လမ်း၊ တောင်ကုတ်ဘက်က ကုန်ချတဲ့တောလမ်း အကုန်တက်နေတယ်” လို့ ပြောပါတယ်။

အာရက္ခတပ်တော် (AA) က ည ၁၁ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး တဖက်မှာလည်း အဆိုပါမြို့နယ်တွေမှာ ခိုးယူမှု၊ လုယက်မှုတွေရှိနေတာကြောင့် အာရက္ခတပ်တော်၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ပြစ်မှု လျှော့ချရေးကိုပါ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တောင်ကုတ်မြို့နယ်မှာ အုပ်စုလိုက် ခိုးမှုတွေ များပြားလာတာကြောင့် သူခိုးဂိုဏ်တွေကို လိုက်လံ ဖမ်းဆီးတယ်လို့  ULA /AA အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ULA နဲ့ နီးစပ်သူတယောက်က “ညမထွက်ရ အမိန့်ထုတ်ထားရတာက သူခိုးတွေ အရမ်းများလာတယ်။ ဒေသခံ အိမ်တွေကရော့ ဌာနဆိုင်ရာရုံးတွေပါမကျန် ဆိုင်ရာတွေ ခိုးလာတာရှိတယ်။ အဲဒီက ဒေသတွင်း လုံခြုံရေးရေးနဲ့ တရား ဥပဒေစိုးမိုးရေးကို ဦးစားပေးပြီး ယာယီထုတ်ထားတာဖြစ်တယ်။ သူခိုးတွေကိုလည်း ဖမ်းဆီးရမိထားတာတွေရှိတယ်။ အခြေအနေ ပြန်လည်တည်ငြိမ်ရင်တော့ ညမထွက်ရ အမိန့်ပြန်ရုပ်သိမ်းမှာပါ” လို့ပြောပါတယ်။

အခုလို ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီးနောက် မောင်တော၊ ဘူးသီးတောင်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွ မြို့နယ်တွေမှာ အာရက္ခတပ်တော်က လုံခြုံရေး ပိုမိုတိုးမြှင့်ထားပြီး နေ့ရောညပါ ကင်းလှည့်နေတယ်လို့ သိရပါတယ်။

တောင်ကုတ်မြို့ပေါ်မှာ ခိုးမှုတွေဟာ အရင်ကထက်များလာလို့ ဥပဒေအရ အရေးယူနိုင်ဖို့ လိုအပ်နေတာကြောင့် ညမထွက်ရ အမိန့်ထုတ်ပြီ ကင်းလှည့်တာတွေဟာ ပြည်သူ့တွေအတွက် စိတ်သက်သာရာ ရှိစေတယ်လို့ တောင်ကုတ်မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“တောင်ကုတ်မြို့ပေါ်မှာ သူခိုးတွေက အုပ်စုလိုက်ခိုးယူကြတာဗျာ။ အိမ်သားတွေ သိရင်တောင် ရန်မူကြမဲ့ အနေအထားတွေနဲ့ ခိုးကြတာ။ ခိုးခံရတာမှာလည်း အရပ်သားတွေအိမ်ကတင် မဟုတ်တော့ဘူး အစိုးရ ရုံးတွေက ဆိုင်ကယ်တွေပါ ခိုးခံရတာ။ အဲဒီတာ ညမထွက်ရ အမိန့်ထုတ်ပြီ ညနေ ကင်းလှည့်ကြတာတွေ ပြုလုပ်လာတာကြောင့် ပြည်သူတွေအနေနဲ့ အနည်းငယ် စိတ်သက်သာရာ ရှိလာကြတယ်။ အဓိက သူခိုးတွေနဲ့ ဂိုဏ်းတွေကို စနစ်တကျဖော်ထုတ်နိုင်ဖို့ အရေးကြီးတယ်။”

တောင်ကုတ်မြို့နယ်အတွင်း ညမထွက်အမိန့်ထုတ်ပြန်ထားတာကြောင့် ညအချိန်အတွင်း မဖြစ်မနေ သွားလာရမဲ့ ကိစ္စတွေပေါ်ပေါက်လာပါက နီးစပ်ရာ အုပ်ချုပ်ရေးရုံးတွေနဲ့ ဒီလပ်စခန်းတွေမှာ အသိပေးပြီး ခွင့်ပြုချက်ရပြီးမှ သွားလာကြဖို့လည်း အသိပေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်တော်မြို့၊ မြောက်ဦး၊ မင်းပြား စတဲ့ မြို့နယ်တွေမှာလည်း ဆိုင်ကယ်ခိုးမှု၊ အိမ်ပေါ်တက်ပြီး ရွှေနဲ့ ပိုက်ဆံ ခိုးမှုတွေ ဆက်တိုက်ရှိလာနေပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်မှုအပိုင်း အားနည်းနေကြသေးတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဩဂုတ်လ အစောပိုင်းကလည်း မောင်တောမြို့နယ်အတွင်း ARSA၊ RSO နဲ့ ARA အစရှိတဲ့ ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေလို့ ဒေသခံပြည်သူတွေ လုံခြုံရေးအတွက် အာရက္ခတပ်တော်က ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013