
အင်ဒိုနီးရှားနိုင်ငံ အလယ် ဂျားဗားပြည်နယ်၊ လာဆမ်မြို့မှာ အစိုးရကဝေတဲ့ အခမဲ့ အစားအစာတွေကို စားပြီးနောက် နောက်ထပ် ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမ ၇၇၇ ယောက် အစာအဆိပ်သင့်ခဲ့တယ်လို့ ကျောင်းအုပ်ကြီး ဂျူဟာတူတစ်က စက်တင်ဘာ ၃ ရက်မှာ ပြောပါတယ်။
ဒါကြောင့် တပတ်အတွင်းမှာတင် ဒီစီမံကိန်းကြောင့် နေမကောင်းဖြစ်သူ စုစုပေါင်း ၁,၇၀၀ ကျော်အထိ ရှိလာခဲ့ပါပြီ။
လာဆမ်မြို့ရှိ အမှတ် ၁ အစိုးရအထက်တန်းကျောင်းမှာ ဗုဒ္ဓဟူးနေ့ကဝေတဲ့ အခမဲ့ အစားအသောက်တွေကို စားသုံးပြီးနောက် ကျောင်းသား ၇၂၅ ယောက်နဲ့ ဆရာ၊ ဆရာမ ၂၅ ယောက်တို့ ဝမ်းလျှော၊ အန်တာတွေ ဖြစ်ခဲ့ကြတာပါ။
မနက် ၇ နာရီကတည်းက ပညာရေးဌာနရဲ့ အုပ်စု စကားပြောခန်း (Group Chat) ကနေ ကျောင်းသားတွေက ဆရာတွေကို စတင်သတင်းပို့ခဲ့တာဖြစ်ပြီး ကျောင်းအုပ်ကြီးက သတင်းရတာနဲ့ အတန်းပေါင်း ၃၃ တန်းလုံးမှာရှိတဲ့ ဝမ်းလျှောသူဦးရေကို စာရင်းကောက်ယူခဲ့ရာ တချို့အတန်းတွေမှာ ကျောင်းသား ၂၀ မှ ၃၃ အထိ စုပြုံဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။
ကျောင်းသားတွေကို ကြက်ကင်ကျွေးခဲ့တာဖြစ်ပြီး မဝေပေးခင် မြည်းစမ်းကြည့်သူက ကြက်သားတချို့ "ချွဲကပ်ကပ် ဖြစ်နေတာ" ကို တွေ့ခဲ့ရပါတယ်။ ချွဲနေတဲ့ အသားတွေကို ဖယ်ထားခဲ့သလို အဲဒီအစားအစာတွေကို မနက် ၃ နာရီကတည်းက ချက်ထားပြီး နေ့လယ်ကျမှ စားကြတာဖြစ်ကြောင်း အာဟာရပြည့်ဝရေး ဝန်ဆောင်မှုဌာန (SPPG) ကို အတည်ပြု မေးမြန်းခဲ့တယ်လို့ ကျောင်းအုပ်ကြီးက ဆိုပါတယ်။ ထိခိုက်သူ အများစုကိုတော့ အိမ်ပြန်လွှတ်ပေးခဲ့ပါတယ်။
အရှေ့ဂျားဗား ပြည်နယ်အုပ်ချုပ်ရေးမှူး ခိုဖှီဖှာ အင်ဒါ ပရာဝမ်ဆာ ကလည်း အမျိုးသား အာဟာရအေဂျင်စီ (BGN) နဲ့ ဒေသတွင်း SPPG တို့အနေနဲ့ စောင့်ကြည့်စစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
နည်းလမ်းတခုတည်းအတိုင်း ချက်ပြုတ်ထားပေမဲ့ အချိန်စောစောရောက်ရှိတဲ့ အစားအသောက်တွေက ဘေးကင်းပြီး နောက်ကျမှရောက်တဲ့ အစားအစာတွေက ပုပ်သိုးသွားတာကြောင့် မသင့်လျော်တဲ့ သိုလှောင်မှုနဲ့ နောက်ကျမှ ပို့ဆောင်မှုတို့ကြောင့် အခုလို ဖြစ်ပွားရတာလို့ ဆိုပါတယ်။
သမ္မတ ပရာဘိုဝို ဆူဘီယန်တိုဟာ ကလေးငယ် သန်းပေါင်းများစွာရဲ့ အာဟာရ ပြည့်ဝစေဖို့ ဒေါ်လာဘီလီယံချီ အကုန်အကျခံမဲ့ အခမဲ့အစားအစာ အစီအစဉ်ကို စတင်ခဲ့တာဖြစ်ပေမဲ့ ကုန်ကျစရိတ်ကြီးမားလှတဲ့ ဒီစီမံကိန်းဟာ လာဘ်စားမှု စွပ်စွဲချက်တွေ၊ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေနဲ့ မကြာခဏ အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှုတွေကြောင့် အဝေဖန်ခံနေရပါတယ်။
Source: Reuters











