
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဧပြီ ၂၂ ရက်က လေပြင်းတိုက်ခတ်လို့ သစ်ပင်လဲကျ ပိမိတဲ့အတွက် သက်ကြီးပိုင်း အဘွားအိုတယောက် သေဆုံးသွားပါတယ်။
ဧပြီ ၂၂ ရက် ညနေ ၅ နာရီလောက်မှာ ရေဦးမြို့နယ် မီးမောင်းကုန်းကျေးရွာမှာ လေပြင်း တိုက်ခတ်လို့ ရုတ်တရက်နေအိမ်ပြိုကျပြီး ဘေးလွတ်ရာကိုထွက်ပြေးတဲ့ အသက် ၈၀ ကျော်အရွယ် ဒေါ်ခင်ရီဟာ သစ်ပင် ပိသေဆုံးခဲ့တာလို့ ဒေသခံက ပြောပါတယ်။
“လေပြင်းဒဏ်ကြောင့် အိမ်ပြိုကျသွားလို့ ထွက်ပြေးတာ။ ဆောင့်တိုက်လိုက်တဲ့လေဒဏ်ကြောင့် သပြေပင် အမြစ်ကနေ ကျွတ်လန်ထွက်ပြီး ပိမိတာ။ နေရာမှာပဲ အသက်ဆုံးသွားတယ်။”
လေပြင်းတိုက်ခတ်လို့ ရေဦးမြို့နယ်ထဲမှာ လူနေအိမ်အလုံး ၄၀ လောက်နဲ့ စာသင်ကျောင်း တကျောင်းလည်း အမိုးလန်ပြိုကျပျက်စီးခဲ့ပါတယ်။
လေပြင်းဒဏ်ကျရောက်တဲ့ ဒေသတွေဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေ ဖြစ်ပြီး တော်လှန်တပ်ဖွဲ့တွေက လေပြင်းဒဏ်ကြောင့်ပျက်စီးမှုတွေကို ကူညီကယ်ဆယ် ၊ရှင်းလင်း ဖယ်ရှားပေးခဲ့ပါတယ်။











