
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ငါးဖယ်ချောင်းကျေးရွာအုပ်စု၊ ပျားပင်တောင်ကျေးရွာမှာ စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် အိမ်ခြေ ၃၁ အိမ်လောက် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါနေ့မှာ ညောင်ရွှေမြို့နဲ့ အင်းလေးဒေသတဝိုက်ဟာ နေ့လယ်ပိုင်းအထိ ရာသီဥတုပူပြင်းနေပြီး မွန်းလွဲ ၂ နာရီခွဲခန့်မှာ မိုးခြိမ်းသံတွေ စတင်ကြားရပြီးနောက် မိုးရွာသွန်းကာ လေပြင်းတွေ ရုတ်တရက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ပျားပင်တောင်ကျေးရွာ ဒေသခံတယောက်က “မိုးရွာတာ သိပ်မကြာသေးဘူး၊ လေက ရုတ်တရက် အားပြင်းပြီး တိုက်လာတာ။ အိမ်တချို့ဆို အမိုးတွေပျက်သွားတယ်။ တချို့အိမ်တွေကတော့ လေဒဏ်ကြောင့် ပြိုကျတဲ့အထိ ဖြစ်သွားတယ်။ အခု ထိခိုက်ပျက်စီးတဲ့အိမ်တွေကို လိုက်စစ်ဆေးနေကြတယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ လေပြင်းတိုက်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိသေးဘူးလို့ သိရပြီး အိမ်ခြေတွေရဲ့ ပျက်စီးဆုံးရှုံးမှု အသေးစိတ်အခြေအနေတွေကို ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ဒေသခံတွေကတော့ မိုးရာသီအတွင်း ရုတ်တရက် မိုးကြိုးမုန်တိုင်းနဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် မိုးလေဝသအခြေအနေကို စောင့်ကြည့်ပြီး နေအိမ်နဲ့ အဆောက်အအုံတွေကို ကြိုတင်စစ်ဆေးပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။










