
ရုရှားနိုင်ငံကို အလုပ်သမားစေလွှတ်ဖို့အတွက် အေဂျင်စီအချို့က သွားရောက်လုပ်ကိုင်ရမဲ့ နိုင်ငံနာမည် တရားဝင်မဖော်ပြဘဲ လူစုဆောင်းနေတယ်လို့ ပြည်ပအလုပ်အကိုင် အခွင့်အလမ်း အကဲခတ် စောင့်ကြည့်သူတွေက ပြောပါတယ်။
အေဂျင်စီတချို့က လုပ်ကိုင်ရမဲ့ အလုပ်အမျိုးအစားနဲ့ လုပ်ခလစာ ခံစားခွင့်လောက်ပဲ အသိပေး ဖော်ပြ ကြော်ငြာပြီး လူခေါ်နေတာမျိုးတွေ ရှိနေတာလို့ ဆိုပါတယ်။
ပြည်ပအလုပ်အကိုင်အခွင့်အလမ်း ကိုယ်တိုင်ရှာဖွေစောင့်ကြည့်နေသူ တယောက်က “သိသာတဲ့အချက်က ယောကျ်ားလေး အသက်ကန့်သတ်ချက် ရှိမနေတာပဲ။ လူစုနေတာတော့ သိပ်မကြာသေးဘူး။ တကယ့်ပို့ခွင့်ရထားတာ ဟုတ်၊ မဟုတ်တော့ မသိဘူး” လို့ ပြောပါတယ်။
အဲဒီလို အလုပ်သမား ခေါ်ယူစုဆောင်းနေတဲ့ တချို့အေဂျင်စီတွေမှာ တခြားနိုင်ငံတွေဆီ တရားဝင် အလုပ်သမား ပို့ဆောင်နေတာရှိပြီး နောက်ထပ်ဈေးကွက်ချဲ့တာမျိုးလည်း ဖြစ်နိုင်တယ်လို့ အေဂျင်စီလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ဒါ့အပြင် ရုရှားကိုလွှတ်ဖို့ဆိုပြီး လုပ်ငန်းနဲ့ဆိုင်တဲ့ သင်တန်း၊ ဘာသာစကား သင်ကြားပေးနေတာတွေ ရှိပြီး တခြားနိုင်ငံတွေလောက် သွားဖို့စိတ်ဝင်စားသူ နည်းတာ တွေ့ရတယ်လို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သူတယောက်က ပြောပါတယ်။
“စစ်မှုထမ်းသက်မီလို့ တခြားနိုင်ငံ ထွက်မရတဲ့သူတွေလောက်ပဲ စိတ်ဝင်စားမယ်ထင်တယ်။ အမြန်ထွက်ရမယ်လို့တော့ အာမခံနေတာပဲ။”
ရုရှားနိုင်ငံဆီ မြန်မာလုပ်သား ၅၀ ကျော်ကို ၂၀၂၅ ခုနှစ်က ရှေ့ပြေးစီမံချက်အဖြစ်နဲ့ စတင်စေလွှတ်ခဲ့ပြီး ထပ်ပြီးစေလွှတ်ဖို့ အေဂျင်စီ ၄ ခုက တင်ပြ လျှောက်ထားတာ ရှိတယ်လို့ အဲဒီနှစ်ကုန်ပိုင်းမှာ စစ်အာဏာရှင်အစိုးရက အသိပေး ထုတ်ပြန်ထားပါတယ်။











