DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၁၄ ဦး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး
DVB
·
August 20, 2026
Photo: Daily Times of Bangladesh
Photo: Daily Times of Bangladesh
Donate to DVB

စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၄ ယောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒါဘန်ခရိုင်အတွင်းရှိ အလီကာဒမ်နယ်စပ်ဒေသကို ဩဂုတ် ၁၈ ရက်က ထွက်ပြေး အလင်းဝင် လာကြတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းစာတွေက ရေးကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြတဲ့ စစ်အာဏာရှင်တပ်ဖွဲ့တွေမှာ လက်နက်ကိုင်ဆောင်ခြင်း မပါရှိသလို အရပ်ဝတ်တွေသာ ဝတ်ဆင်ထားကြပြီး ရခိုင်နဲ့ ထိစပ်နေတဲ့ အလီကာဒမ်နယ်စပ်ရှိ ကုရုပက္ကာ ကီလိုင်ပါရာ နယ်ခြားစောင့်တပ်စခန်းထံမှာ လာရောက် အလင်းဝင်ကြတာလို့ BGB တာဝန်ရှိသူတွေက အတည်ပြု ပြောပါတယ်။

ထွက်ပြေးလာတဲ့ စစ်အာဏာရှင်တပ်သား ၁၄ ယောက်ကို ကုရုပက္ကာ ကီလိုင်ပါရာ နယ်ခြားစောင့် တပ်စခန်းကနေ အလီကာဒမ်နယ်မြေရဲစခန်းထံကို လွှဲပြောင်းပေးထားပြီး စစ်ဆေးမေးမြန်းကာ ဥပဒေအရ လိုအပ်သလို အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အလီကာဒမ် နယ်စပ်အခြေစိုက် အမှတ် ၅၇ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရင်းရဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အဗ္ဗဒူလာ အလ်မဟေဒီက မီဒီယာတွေကို အတည်ပြု ပြောပါတယ်။

“မြန်မာနိုင်ငံသား ၁၄ ဦးဟာ ကီလိုင်ပါရာ စစ်ဆေးရေးဂိတ်ကို သူတို့ သဘောဆန္ဒအလျောက် ရောက်ရှိလာပြီး လက်နက်ချခဲ့ကြတာဖြစ်တယ်။ ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ သူတို့ဟာ မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဝင်ရောက်လာတဲ့အချိန်မှာ သူတို့ဟာ လက်နက်မဲ့ဖြစ်ပြီး အရပ်ဝတ်တွေ ဝတ်ဆင် ထားကြပါတယ်။ သူတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်လာရတဲ့ အကြောင်းရင်းတွေ၊  နောက်ခံအခြေအနေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ကနဦး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင် ခဲ့ပါတယ်။ စိစစ်အတည်ပြုပြီးတဲ့နောက် နောက်ထပ် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်ဖို့ သူတို့ကို အလီကာဒမ်ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။”

လက်ရှိ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးပြီး ဖမ်းဆီးခံခဲ့ကြတဲ့ စစ်အာဏာရှင်တပ်သားတွေဟာ ရခိုင်နယ်စပ်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်သားတွေနဲ့ နယ်ခြားစောင့် ရဲတပ်သားတွေ ဖြစ်ကြ တယ်လို့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအရာရှိတွေက အတည်ပြုပါတယ်။

လက်ရှိမှာ ဖမ်းဆီးရမိထားတဲ့ စစ်အာဏာရှင်တပ်သား ၁၄ ယောက်ကို တရားမဝင် နယ်စပ် ဖြတ်ကျော်မှုတွေနဲ့ တရားစွဲဆိုဖို့ ပြုလုပ်နေတယ်လို့လည်း အလီကာဒမ်ရဲစခန်းမှ စခန်းမှူး မိုဟာမက် အလမ်ဂါ ဟိုစိန်က မီဒီယာတွေကို ပြောပါတယ်။

“ဗုဒ္ဓဟူးနေ့ ညနေပိုင်းက BGB တပ်က ဖမ်းဆီးထားသူ မြန်မာနိုင်ငံသား ၁၄ ဦးကို ရဲစခန်းထံ လွှဲပြောင်းပေးခဲ့ပါတယ်။ လက်ရှိမှာ သူတို့ကို ဥပဒေကြောင်းအရ အရေးယူဖို့ လုပ်ဆောင် နေပါတယ်။”

အခု စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေ ထွက်ပြေးလာကြတဲ့ အလီကာဒမ် နယ်စပ်ဒေသဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် ဘူးသီးတောင်တိုက်ပွဲ အတွင်းမှာ အာရက္ခတပ်တော် (AA) ထံ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းတွေ ဖြစ်နိုင်တယ်လို့ ရခိုင်ဒေသတွင်း ခန့်မှန်းမှုတွေလည်း ရှိနေကြပါတယ်။

ဘူးသီးတောင်မြို့နယ်အပါအဝင် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတခုလုံးကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ်ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး နယ်စပ်လုံခြုံရေးတာဝန်ကို ယူထားတာလည်း ဖြစ်ပါတယ်။

ဇူလိုင်လအတွင်းကလည်း မောင်တောမြို့နယ်က AA ထံ ဖမ်းဆီးခံထားရတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်သုံ့ပန်း ၃ ယောက်ဟာ နတ်မြတ်ကိုကူးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ထွက်ပြေးခဲ့ကြတာ ကြောင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဘက်က တရားမဝင် နယ်စပ်ဖြတ်ကျော်မှု အပါအဝင် ဥပဒေ ပုဒ်မ တချို့နဲ့ တရားစွဲဆိုခဲ့ပါတယ်။

လက်ရှိမှာ စစ်အာဏာရှင်တပ်သားတွေ ဆက်တိုက်ထွက်ပြေးလာမှုတွေ ရှိနေတာကြောင့် ရခိုင်နယ်စပ်ဒေသကို လုံခြုံရေးတိုးမြှင့်ပြီး အမြဲတမ်း စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဘက်က ထုတ်ပြန်ထားပါတယ်။

Ref: Daily Times of Bangladesh

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013