
စစ်တပ်အစိုးရအဖွဲ့သစ်အတွက် အတည်ပြု ခန့်အပ်လိုက်တဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ နောက်ခံအချက်အလက်တွေကို စုစည်းလေ့လာကြည့်ရာမှာ စစ်တပ်နဲ့ ရဲဘက် နောက်ခံရှိသူတွေ အများစု ပါဝင်နေတာကို တွေ့ရပါတယ်။
စုစည်းရရှိတဲ့ အချက်အလက်တွေအရ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် ၁၄ ယောက်အနက် ၉ ယောက်မှာ စစ်တပ်နဲ့ ရဲဘက် နောက်ခံရှိသူတွေဖြစ်ပြီး အများစုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြပါတယ်။
ကချင်၊ ကရင်၊ စစ်ကိုင်းနဲ့ ပဲခူးတိုင်းတို့မှ ရွေးချယ်ခံရတဲ့ ဝန်ကြီးချုပ်များမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများနဲ့ ဆက်စပ်ပြီး အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချမှတ်ခံထားရသူတွေလည်း ဖြစ်ကြပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အခုလို ဝန်ကြီးချုပ်နေရာတွေ ခန့်အပ်တဲ့အခါမှာ စစ်တပ်နဲ့ ရဲဘက်နောက်ခံရှိသူများ၊ လူဟောင်းများနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကိုသာ ဦးစားပေး ရွေးချယ်ခဲ့ပြီး တိုင်းရင်းသားပါတီများက ကိုယ်စားလှယ်တွေကိုတော့ ဝန်ကြီးချုပ်နေရာ ပေးအပ်ခြင်းမရှိကြောင်း တွေ့ရှိရပါတယ်။











