
ဘယ်လာရုစ်အာဏာရှင် အလက်ဇန္ဒား လူကာရှန်ကိုနဲ့ မြန်မာအာဏာရှင် မင်းအောင်လှိုင်တို့ ဇူလိုင် ၂ ရက် ညပိုင်းက နေပြည်တော် သမ္မတအိမ်တော် ဧည့်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဇူလိုင် ၃ ရက် ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။
ဘယ်လာရုစ်အာဏာရှင် သမ္မတ လူကာရှန်ကို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအာဏာရှင် သမ္မတ မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်အရ ရုရှား၊ တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကနေ တဆင့် မြန်မာနိုင်ငံကို အလုပ်သဘော ရောက်လာတာ ဖြစ်ပါတယ်။
အခုလို တွေ့ဆုံရာမှာ ၂၀၂၆-၂၀၂၈ ခုနှစ်ကာလအတွက် ပူးတွဲဆောင်ရွက်မဲ့ လုပ်ငန်းစီမံချက်တွေကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့၊ ၂ နိုင်ငံအကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှု၊ စိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုကဏ္ဍနဲ့ တခြားကိစ္စတွေ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒီတွေ့ဆုံမှုပတ်သက်ပြီး စစ်အာဏာရှင် မင်းအောင်လှိုင်က ၂ နိုင်ငံခေါင်းဆောင်တွေ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုမှတဆင့် ၂ နိုင်ငံ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်မြှင့်တင် ဆောင်ရွက်သွားလိုတယ်လို့ ပြောပါတယ်။
လူကာရှန်ကိုကလည်း လက်ရှိ ၂ နိုင်ငံအကြား ဆက်ဆံရေးကို အခုထက် ပိုမိုမြှင့်တင်နိုင်ရေး နောက်ထပ်ခြေလှမ်းသစ်ကို စတင်ရမဲ့အချိန်ဖြစ်ကြောင်း၊ ၂ နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးတက်အောင် ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမယ်လို့ တုံ့ပြန်ပြောပါတယ်။
လူကာရှန်ကိုရဲ့ ခရီးစဉ်ဟာ မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပြီး ဒုတိယအကြိမ် လာရောက်တာ ဖြစ်ပြီး အာဏာရှင် ၂ ယောက်အကြား မြန်မာနိုင်ငံမှာ ၂ ကြိမ် အပါအဝင် တွေ့ဆုံဆွေးနွေးမှု စုစုပေါင်း ၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဘယ်လာရုစ်အာဏာရှင်သမ္မတ ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်လေဆိပ်မှ ပြန်လည်ထွက်ခွာသွားပြီလို့လည်း ဆိုပါတယ်။
ဥရောပက ကုန်းတွင်းပိတ် အာဏာရှင်နိုင်ငံလို့ တင်စားကြတဲ့ ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်ကလည်း တရားဝင်ခရီးစဉ်အဖြစ် နေပြည်တော်ကို လာရောက်ခဲ့ဖူးပြီး မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကတော့ ၂၀၂၅ ခုနှစ်၊ မတ်လနဲ့ ဇွန်လတွေမှာ ဘယ်လာရုစ်နိုင်ငံကို ၂ ကြိမ် သွားရောက်ခဲ့ဖူးပါတယ်။
ဘယ်လာရုစ်နိုင်ငံဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။
မြန်မာစစ်အာဏာရှင်ရဲ့ ကောင်စစ်ဝန်ချုပ်ရုံးကိုလည်း ၂၀၂၃ ခုနှစ်ထဲမှာ ဘယ်လာရုစ်မှာ တိုးချဲ့ ဖွင့်လှစ်ထားသလို ဘယ်လာရုစ်နိုင်ငံဟာ မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချဖို့ ကုလသမဂ္ဂရဲ့ အဆိုကို မထောက်ခံဘဲ ဆန့်ကျင်မဲပေးခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
အလက်ဇန္ဒား လူကာရှန်ကိုဟာလည်း နိုင်ငံကို ၁၉၉၄ ခုနှစ်ကတည်းက အုပ်ချုပ်နေတာဖြစ်ကာ နိုင်ငံသားလွတ်လပ်ခွင့်တွေကို ဖိနှိပ်တာတွေ၊ မီဒီယာတွေကို ပြင်းပြင်းထန်ထန် တင်းကျပ်တာကြောင့် အဆိုးရွားဆုံး အာဏာရှင်တယောက်အဖြစ် ကမ္ဘာမှာ ထင်ရှားသူဖြစ်ပါတယ်။











