
ရခိုင်ပြည်နယ်မှာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းကာ ရေကြီး ရေလျှံ၊ မြေပြိုမှုတွေကြောင့် လူသေဆုံးမှုတွေရှိနေပြီး ဇူလိုင် ၇ ရက်နဲ့ ၈ ရက်တွေမှာ လူသေအလောင်းတွေ မျှောပါလာတာ ရှိတယ်လို့ ကျောက်တော်ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။
“လူသေအလောင်းတွေ မျှောလာတာရှိတယ်။ ဘယ်နေရာ ဘယ်ရွာကလဲ မသိရသေးဘူး။ ပြီးတော့ လတ်တလော အပေါက်ဝမှာ ရေစီးနဲ့အတူ ပျောက်သွားတဲ့ ကလေးနှစ်ယောက်ရှိတယ်။ သေသလား ရှင်သလား မသိရသေးပါဘူး။”
အာရက္ခတပ်တော်ရဲ့ လူသားချင်းစာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ရုံး (HDCO) က ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ် ၇ ခုထက်မနည်းမှာ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားနေပြီး သေဆုံးသူ ၃ ယောက်ထက် မနည်းရှိတယ်လို့ ဇူလိုင် ၉ ရက်က ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ အခုရက်ပိုင်း ရေကြီးရေလျှံမှုများ ဆက်တိုက်ရှိနေပြီး ရပ်ကွက်၊ ကျေးရွာ ၇၀ ထက်မနည်းမှာ ရေနစ်မြုပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ ရေလွမ်းမိုးမှုကို အများဆုံးခံနေရတဲ့ မြို့နယ်တချို့ကို ရခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခ တပ်တော် (ULA/AA)က ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ပေးနေတယ်လို့ မြောက်ဦးဒေသခံ အမျိုးသမီးသမီး တယောက်က ပြောပါတယ်။
“AA ဘက်ကတော့ အရေးပေါ်ကယ်ဆယ်ရေးတွေ လာလုပ်ပေးတယ်။ ဘေးလွတ်ရာတွေကို ပြောင်းရွှေ့တာတွေ လုပ်ပေးပါတယ်။ မိုးကလည်း အဆက်မပြတ်ရွာနေတုန်း။”
ဇူလိုင် ၁ ရက်ကစပြီး ၉ ရက်အထိ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် လေးမြို့မြစ်ရေ မြင့်တက်လာကာ လေးမြို့ချောင်းတလျှောက်နဲ့ မင်းပြားမြို့နယ်ထဲက ပန်းမြောင်းကြီး ချောင်းတ လျှောက်မှာရှိတဲ့ ကျေးရွာပေါင်း ၂၂ ရွာမှာ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
ဇူလိုင် ၆ ရက် ညကလည်း မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်၊ ဗန္ဓုလတံတားအနီးက စည်ကား တောင်မှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့သလို မြို့ပေါ် ရပ်ကွက်အချို့နဲ့ ကျေးရွာ ၂၀ နီးပါးဟာ လည်း လက်ရှိ ရေကြီးမှုဒဏ်ကို ရင်ဆိုင်နေကြရပြီး စာသင်ကျောင်းတွေကို ယာယီပိတ်ထား ကြရတယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
ကျောက်တော်မြို့နယ်နဲ့ ထိစပ်နေတဲ့ မြောက်ဦးမြို့နယ် ကျောက်ကျပ်၊ စေတီတောင်၊ တောင်ဦး စတဲ့ကျေးရွာဘက်တွေမှာ အဓိက ရေကြီးနေတာလို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
“ရေကြီးတဲ့ ကျေးရွာတွေမှာတော့ စာသင်ကျောင်းတွေ ယာယီပိတ်ထားပါတယ်။ အဓိကတော့ ဒီရေ က တဆက်ဆက် မြင့်လာတော့ အချို့ကျေးရွာတွေမှာ ဒေသခံတွေ ရွှေ့ပြောင်း ထားကြရတာ ရှိတယ်။ အဲဒီကြောင့် ရေကြီးမှုဖြစ်နေတဲ့ ရွာအချို့နဲ့ မြို့ပေါ်က ကျောင်းအချို့ကို ယာယီ ပိတ်ထားရ တာမျိုးတွေရှိတယ်” လို့ ပြောပါတယ်။
ကျောက်တော်မြို့နယ်မှာ ဇူလိုင် ၆ ရက်နေ့ကတည်းက ရေကြီးနေတာကြောင့် ကျေးရွာပေါင်း ၃၀ ထက်မနည်းက စာသင်ကျောင်း ၄၀ နီးပါး၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တို့မှာလည်း မြို့ပေါ်ရပ်ကွက် အချို့နဲ့ ကျေးရွာ ၃၀ ကျော်က စာသင်ကျောင်း ၄၀ ကျော်လောက်ကို ယာယီပိတ်ထားရတယ်လို့ သက်ဆိုင်ရာမြို့နယ်တွေအလိုက် ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
ကျောက်တော်မြို့နယ်မှ ကျောင်းဆရာတယောက်က “လက်ရှိ ရေကြီးမှုမှာ ကျောက်တော်မြို့နယ်က ရေကြီးနေတဲ့ ကျေးရွာ အများဆုံးဖြစ်တယ်။ ကျောက်တော်-မြောက်ဦးအစပ်က ကျေးရွာ ၂၀ နီးပါး ရေကြီးနေသလို ပုဏ္ဏားကျွန်း- ကျောက်တော်အစပ်မှာလည်း ကျေးရွာ ၂၀ နီးပါး ရေကြီး နေတာရှိတယ်။ အဲဒီကျေးရွာတွေက စာသင်ကျောင်းတွေ အကုန်လုံးကို ယာယီပိတ်ထား ရတာ ရှိတယ်။ ရေပြန်ကျသွားပြီဆိုရင်တော့ ကျောင်းတွေ ပုံမှန်လည်ပတ်သွားမှာပါ” လို့ ပြောပါတယ်။
မင်းပြားမြို့နယ်မှာလည်း လေးမြို့မြစ် ကမ်းခြေတလျှောက်နဲ့ ပန်းမြောင်ကြီးချောင်းဒေသမှာရှိတဲ့ ကျေးရွာ ၂၀ ကျော်ထဲက အချို့ကျေးရွာတွေမှာ ရေအမြင်ပေ ၅ ပေနီးပါးအထိ ရေကြီး နေကြတာ ကြောင့် ဒေသခံတွေကို ဘေးလွတ်ရာနေရာတွေနဲ့ ကုန်မြင့်ပိုင်းနေရာတွေကို အရေးပေါ် ရွှေ့ပြောင်း ထားရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာအချို့နဲ့ မောင်တောမြို့နယ်က ကျေးရွာအချို့မှာလည်း ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားနေကြကာ ဒေသခံအချို့ကို ယာယီရွှေ့ပြောင်းထားရသလို စာသင်ကျောင်းတွေ လည်း ပိတ်ထားရတယ်လို့ ဒေသတွင်း လူမှုကယ်ဆယ်ရေး ပြုလုပ်နေကြသူတွေက ပြောပါတယ်။
ဇူလိုင်လ ၉ ရက် မနက်ကလည်း ဘူးသီးတောင်မြို့နယ် အောက်ကြွီချောင်းကျေးရွာက ဒေါ်လှမေနဲ့ ဒေါ်မြသန်းတို့ ကျွန်းပေါက်ကျေးရွာရဲ့ အနောက်ဘက် မီတာ ၃၀၀ အကွာမှာရှိတဲ့ တံတားငယ်တခု ကို ဖြတ်ကူးကြစဉ်မှာ တောင်ကျရေစီးသန်မှုကြောင့် တံတားပေါ်က နှစ်ဦးလုံးခြေချော်ပြီး ချောင်းထဲကို ပြုတ်ကျခဲ့ပြီး ဒေါ်လှမေ (၄၁ နှစ်) သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“သူတို့နှစ်ဦးက သားသမီးတွေကို ကျောင်းအပ်ဖို့သွားကြတာလို့ သိရတယ်။ အခု ရေနစ်မြုပ်ခဲ့တဲ့ ချောင်းက အရမ်းရေစီးသန်သလို သူတို့မှာလည်း ခြင်းတောင်းတွေပါတော့ အလေးဆွဲသွားပြီး တခါတည်း နစ်မြုပ်သွားတာ။ လက်ရှိက မိုးကလည်း အရမ်းရွာနေတော့ ချောင်းကလည်း အရမ်းရေစီးသန်နေတယ်။ အလောင်းကိုယ် ဆယ်ယူရရှိထားကြပြီ” လို့ ပြောပါတယ်။
ရေကြီးမှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ အရေးပေါ်ရွှေ့ပြောင်းနေကြရသလို၊ လယ်ဧက သောင်းနဲ့ချီ နစ်မြုပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိ ရေဘေးအန္တရာယ်ကြုံနေရတဲ့ ဒေသက ပြည်သူများအနေနဲ့လည်း ရေကြီး၊ ကမ်းပြို၊ မြေပြို၊ မြွေ၊ ကင်း၊ အစရှိသည့် အဆိပ်ရှိ သတ္တဝါများ၏ အန္တရာယ်ကို အထူးသတိထားကြဖို့နဲ့ အရေးပေါ်လိုအပ်နိုင်တဲ့ အစားအသောက်တွေ၊ ဆေးဝါးတွေ၊ အရေးကြီး စာရွက်စာတန်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို အဆင့်သင့် ဆောင်ထားကြဖို့နဲ့ အစိုးရ အကူအညီကို ရယူပြီး ရွေ့ပြောင်းမှုတွေ ပြုလုပ်ကြဖို့ကိုလည်း HDCO က တိုက်တွန်းထားပါတယ်။
မြေပြင်တွင် ရေကြီးမှုကြောင့် မြို့နယ် ၈ ခုမှာ အရေးပေါ်ရွှေ့ပြောင်းနေကြရတဲ့ ကျေးရွာ ၁၀၀ ကျော် အထိရှိနေပြီး သောင်နဲ့ချီတဲ့ လူဦးရေတွေဟာ အစားအသောက်နဲ့ ဆေးဝါး အကူအညီတွေ၊ အရေးပေါ် ရွှေ့ပြောင်းရေး အကူအညီတွေ လိုအပ်နေကြတယ်လို့ ဒေသတွင်း လူမှုကူညီရေး အဖွဲ့တွေက ပြောကြပါတယ်။
ရခိုင်ပြည်နယ်မှာ ဇူလိုင် ၁၀ ရက်ကနေ ၁၆ ရက်အထိ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ မြေရေ မြင့်တက်လာတာကြောင့် နှစ် ၂၀ အတွင်း အမြင့်ဆုံးစံချိန်ကို ကျော်သွားနိုင်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ရေလွှမ်းမိုးမှု ကြိုတင်သတိပေးစနစ် (GFAS) က သတိပေးထားပါတယ်။










