
ရန်ကုန် - မန္တလေး အမြန်လမ်းမ မိုင်တိုင်အမှတ် ၁၅ အနီးမှာ စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းက ခရီးသည်တင် Express ယာဉ် တိမ်းမှောက်ပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့သူတွေနဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။
ဒီကနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က မိဘဂုဏ် ခရီးသည်တင်ယာဉ်လိုင်းက ယာဉ်တစီး လမ်းချော် တိမ်းမှောက်ခဲ့တာဖြစ်ပြီး ယာဉ်ပေါ် လိုက်ပါလာသူ ၂၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မျက်မြင်တွေ့ခဲ့သူတယောက်က "မျက်စိရှေ့တင် ဖြစ်သွားတာ။ ရင်တွေပန်းတွေပါတုန်တယ်။ သေဆုံးတာတော့ မရှိဘူးထင်တယ်။ ဒဏ်ရာရတဲ့သူတော့များတယ်" လို့ DVB ကို ပြောပါတယ်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာသူ ၂၇ ယောက်အနက် အမျိုးသား ၁၄ ယောက်နဲ့ အမျိုးသမီး ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
အခင်းဖြစ်နေရာသို့ လှည်းကူးမြို့နယ်မီးသတ်စခန်းနဲ့ ၁၁ မိုင် အမြန်လမ်းမီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ကာကယ်ဆယ်ခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ကြက်ခြေနီအသင်းက လူနာတင်ယာဉ်နဲ့ လှည်းကူးမြို့နယ်ဆေးရုံကို ပို့ဆောင်ထားပါတယ်။











