
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်း ရွမ်ပါရာမြို့မှာ အီဘိုလာဗိုင်းရပ်စ်နဲ့ သေဆုံး တယ်လို့ သံသယရှိသူတယောက်ရဲ့ ရုပ်အလောင်းကို သင်္ဂြိုဟ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားခဲ့ရာ ကနေ မေ ၂၁ ရက်မှာ လူအုပ်ကြီးက အီဘိုလာရောဂါအတွက် သီးသန့်ခွဲထားတဲ့ တဲတွေကို မီးရှို့ပြီး ဆေးရုံကို တိုက်ခိုက်ခဲ့ပါတယ်။
မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ အီလီ အမည်ရှိ သေဆုံးသူ အမျိုးသားရဲ့ ရုပ်အလောင်းကို ပြန်ပေးဖို့ ဆေးရုံအပြင်ဘက်မှာ လူအုပ်ကြီးက စုဝေးတောင်းဆိုခဲ့ကြရာကနေ တင်းမာမှုတွေ မြင့်တက်ပြီး အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာပါ။
သေဆုံးသူရဲ့ မိသားစုဝင်တွေက အီဘိုလာကြောင့် သေဆုံးတာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ကြပြီး ဆေးကုသမှုပေးနေတဲ့ နေရာအပြင်ဘက်မှာ တင်းမာမှုတွေ ပြင်းထန်လာခဲ့ပါတယ်။
ဆန္ဒပြသူတွေက ဆေးရုံဝင်းထဲကို အဓမ္မ ဝင်ရောက်စီးနင်းခဲ့ကြပြီး ALIMA ဆေးဘက်ဆိုင်ရာ ပရဟိတအဖွဲ့က ဖွင့်လှစ်ထားတဲ့ တဲတွေကို မီးရှို့ခဲ့ကြတာကြောင့် အီဘိုလာရောဂါ သီးသန့်ဆောင် တဲဟောင်းတွေ မီးလောင်ပြာကျသွားပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူအုပ်ကို လူစုခွဲဖို့အတွက် သတိပေး သေနတ်ပစ်ဖောက်တာနဲ့ မျက်ရည်ယိုဗုံးတွေ သုံးပြီး တုံ့ပြန်ခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေက ပျက်စီးဆုံးရှုံးမှုတွေကို လာရောက် စစ်ဆေးခဲ့ကြပြီး လူနာတင်ကားတစီးလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောပါတယ်။
အခုလို အကြမ်းဖက်မှုတွေဟာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်ပွားနေတဲ့ နောက်ဆုံးပေါ် အီဘိုလာ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေ ရုန်းကန်နေရချိန်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ရွမ်ပါရာမြို့ တည်ရှိရာ အီတူရီပြည်နယ်ကို ဗဟိုပြုပြီး ဖြစ်ပွားနေတဲ့ အခုရောဂါပိုးဟာ ရှားပါးတဲ့ 'ဘွန်ဒီဘူဂျို' အီဘိုလာ မျိုးစိပ်ဖြစ်ပြီး လက်ရှိမှာတော့ အတည်ပြုထားတဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။
အီဘိုလာ ဗိုင်းရပ်စ်ဟာ ကူးစက်ခံထားရတဲ့ လူနာရဲ့ ရုပ်အလောင်းနဲ့ တိုက်ရိုက်ထိတွေ့ရာကနေ ကူးစက်နိုင်တာကြောင့် ရောဂါထိန်းချုပ်နိုင်ဖို့ဆိုရင် ဘေးကင်းစိတ်ချရတဲ့ သင်္ဂြိုဟ်မှုတွေ လုပ်ဆောင် ဖို့က အလွန်အရေးကြီးတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ကွန်ဂိုအရှေ့ပိုင်းမှာ အရင်က ဖြစ်ပွားခဲ့တဲ့ အီဘိုလာ ကူးစက်မှုတွေတုန်းကလည်း ကျန်းမာရေး ဝန်ထမ်းတွေအပေါ် မယုံကြည်မှုတွေ၊ ဒေသခံအသိုင်းအဝိုင်းတချို့ရဲ့ ခုခံတွန်းလှန်မှုတွေ ရှိခဲ့တာ ကြောင့် ကူးစက်ခံရသူတွေနဲ့ ထိတွေ့ခဲ့သူတွေကို ရှာဖွေဖို့နဲ့ လူနာတွေကို သီးသန့်ခွဲထားဖို့ ကြိုးပမ်း မှုတွေကို အခက်အခဲ ဖြစ်စေခဲ့ပါတယ်။
အခုဖြစ်ပွားနေတဲ့ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းရာမှာလည်း ပဋိပက္ခတွေ၊ လူဦးရေ ရွှေ့ပြောင်းနေထိုင်မှုတွေနဲ့ ဒေသခံတွေရဲ့ မယုံကြည်မှုတွေကြောင့် ကြိုးပမ်းအားထုတ်မှုတွေ ထိခိုက် ပျက်ပြားနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။
Source: Reuters










