
မြန်မာနှစ်သစ်ကူး လွတ်ငြိမ်းခွင့်မှာ ပြည်သူရွေးကောက်ခံ သမ္မတ ဦးဝင်းမြင့် ပြန်လွတ်မြောက်လာခဲ့ပြီး ကျန်းမာစွာနဲ့ မိသားစုနဲ့အတူ ပြန်လည်ဆုံစည်းခွင့်ရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပြီး ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် ဆက်လက်အသိအမှတ် ပြုထားဆဲ ဖြစ်တယ်လို့ ဧပြီ ၁၇ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
NUCC ရဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ပြည်သူလူထုက ဒီမိုကရေစီ နည်းလမ်းကျ အပ်နှင်းထားတဲ့ တာဝန်တွေကို ထမ်းဆောင်နေစဉ်အတွင်းမှာ စစ်အုပ်စုရဲ့ မတရား ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးချုပ်နှောင်ရာမှာ သူတို့ကိုယ်တိုင် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖာက်ကာ နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ပြီး မတရား ဖမ်းဆီး ခဲ့တာဖြစ်ကြောင်းလည်း ထောက်ပြထားပါတယ်။
နိုင်ငံတာ်သမ္မတ ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ်လည်း NUCC က တရားဝင် ဆက်လက် အသိမှတ်ပြုထားဆဲဖြစ်တယ်လို့ NUCC က ဆိုပြီး NUCC အနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အတွက် ဆက်လက် ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် NUCC ဟာ စစ်အာဏာရှင်စနစ် မှန်သမျှ ပပျောက်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်သူတရပ်လုံး၊ တော်လှန်ရေး အင်အားစု အားလုံး နဲ့အတူ လက်တွဲပြီး နွေဦးတော်လှန်ရေး အောင်ပွဲရတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။










