
မြန်မာနိုင်ငံက တရားမဝင် သွေးစွန်းကျွန်းသစ်တွေကို ဝယ်ယူပြီး ဇိမ်ခံရွက်လှေသင်္ဘာတွေမှာ အသုံးပြုခဲ့တဲ့ Sunseeker အုပ်စုဝင် ကုမ္ပဏီတွေကို အမေရိကန်တရားရေးဝန်ကြီးဌာနက တရားစွဲဆို အရေးယူလိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပြီး စစ်အုပ်စုထံ ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်နိုင်ဖို့ နောက်ထပ် ပြတ်သားတဲ့ အရေးယူမှုတွေ ဆက်လုပ်ပေးဖို့ မေ ၁၈ ရက်မှာ ထုတ်ပြန်တောင်းဆိုပါတယ်။
ဗြိတိန်အခြေစိုက် ဇိမ်ခံရွက်လှေထုတ်လုပ်ရေးကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Sunseeker နိုင်ငံတကာကုမ္ပဏီနဲ့ Sunseeker USA Sales ကုမ္ပဏီတို့ဟာ အမေရိကန်နိုင်ငံထဲကို တင်သွင်းတဲ့ ရွက်လှေတွေမှာ မြန်မာ့ကျွန်းသစ်တွေ တရားမဝင် အသုံးပြုခဲ့တဲ့အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ကြပါတယ်။
အဲဒီနောက် အမေရိကန်ရဲ့ Lacey Act ဥပဒေချိုးဖောက်မှုနဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ပေးဆောင်ဖို့ သဘောတူခဲ့ကြတာ ဖြစ်တယ်လို့ JFM ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ယူကေနိုင်ငံမှာ သစ်တောဥပဒေချိုးဖောက်မှု ၃ ခုနဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ရပြီး ဒေါ်လာ ၄၅၀,၀၀၀ လောက် ဒဏ်ငွေဆောင်ခဲ့ရဖူးပါတယ်။
ဒါ့အပြင် Amazon တည်ထောင်သူ ဂျက်ဖ်ဘေဇော့စ်ရဲ့ အထူးဇိမ်ခံရွက်လှေကို ထုတ်လုပ်ပေးခဲ့တဲ့ နယ်သာလန်က Oceanco ကုမ္ပဏီကလည်း မြန်မာ့ကျွန်းသစ် တရားမဝင်တင်သွင်းမှုနဲ့ ဒဏ်ငွေရိုက်ခံခဲ့ရဖူးပါတယ်။
မြန်မာနိုင်ငံရဲ့ သစ်တောကဏ္ဍနဲ့ သစ်လုံးလေလံတင်ပို့မှုအားလုံးကို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့သစ်လုပ်ငန်း (MTE) က တဦးတည်း ကိုင်တွယ်နေတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ အဲဒီသစ်ကုန်သွယ်မှုကရတဲ့ ပို့ကုန်ဝင်ငွေတွေကိုယူပြီး ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကျူးလွန်ဖို့ ငွေကြေးပံ့ပိုးနေတာ ဖြစ်တယ်လို့ JFM ကဆိုပါတယ်။
တဖက်မှာလည်း အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ပိတ်ဆို့မှုတွေ ချမှတ်ထားပေမဲ့လည်း ကုမ္ပဏီအချို့ဟာ နည်းလမ်းအမျိုးမျိုးနဲ့ လှည့်ပတ်ပြီး မြန်မာ့ကျွန်းသစ်တွေကို ဆက်လက်တင်သွင်းနေကြဆဲပဲလို့ JFM ကထောက်ပြပါတယ်။
ဒါကြောင့်မို့လို့ စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေကို အမှန်တကယ် ရပ်တန့်စေချင်ရင် အမေရိကန်၊ အီးယူနဲ့ ယူကေအစိုးရတွေအနေနဲ့ မြန်မာ့သစ်တင်ပို့မှုတွေကို အရေးတကြီး စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်လို့ JFM ကထုတ်ပြန်ပါတယ်။
ဒါ့အပြင် သစ်ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်နေတဲ့ ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်ပြီး မြန်မာ့သစ်တင်သွင်းမှုကို လုံးဝ ပိတ်ပင်တားမြစ်ပေးဖို့ကိုပါ Justice For Myanmar က ထုတ်ပြန်တောင်းဆိုထားပါတယ်။










