
စစ်အာဏာရှင်တပ်ရဲ့ အဓမ္မ ပေါ်တာဆွဲခံရပြီး လမ်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခံခဲ့ရမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပုဂ္ဂလိက သင်္ဘောတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် စက်တင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။
ဩဂုတ်လကုန်ပိုင်းက မန္တလေးမြို့ကနေ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ကို စစ်ကူနဲ့ လက်နက်အင်အား ဖြည့်တင်းခဲ့တဲ့ စစ်သင်္ဘောတွေကို KIA က လမ်းခုလတ်မှာ ဒရုန်းတွေနဲ့ ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်သင်္ဘော အစင်း ၂၀ ကျော် ပျက်စီးခဲ့ပြီး အဲဒီအထဲမှာ ပုဂ္ဂလိကပိုင် သင်္ဘော ၄ စင်း ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီ စစ်အာဏာရှင်တပ်ရဲ့ ပေါ်တာဆွဲခံရပြီး တိုက်ခိုက်ခံခဲ့ရတဲ့ စစ်သင်္ဘောတွေရဲ့ ကာလတန်ဖိုးဟာ ကျပ်သိန်း ၈,၀၀၀ ကနေ ၂၀,၀၀၀ အထိ ရှိပြီး သင်္ဘောပိုင်ရှင်တွေအနေနဲ့ တိုက်ခိုက်ခဲ့မှုအပေါ် နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။
“ဗန်မော်သို့ (အတင်းအဓမ္မ) လိုက်ပါခဲ့ရပြီး ဆုံးရှုံးခဲ့ကြသော ပုဂ္ဂလိက သင်္ဘောပိုင်ရှင်များ ခင်ဗျာ။ စိတ်မကောင်းဖြစ်ရပါတယ်လို့ပဲ ပြောချင်ပါတယ်။ ပုဂ္ဂိလိက သင်္ဘောပိုင်ရှင်တွေ အနေနဲ့လည်း နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောထားပါတယ်။
စစ်သင်္ဘောတွေကို တိုက်ခိုက်ခဲ့ရတာဟာလည်း နွေဦးတော်လှန်ရေးကာလရဲ့ အရင်းအနှီး ဖြစ်တာကြောင့် စီးပွားရေး ပြန်လည်တိုးပွားနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့ပေးပါကြောင်း သူက ဆက်ပြောထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ မန္တလေးကတဆင့် ကချင်ပြည်နယ် ရွှေကူ၊ အဲဒီကတဆင့် ဗန်းမော်မြို့နယ်ကို စစ်အင်အားနဲ့ လူအင်အားတွေ ရေကြောင်းကနေတဆင့် ဖြည့်တင်းမှု ပြုလုပ်ရာမှာ KIA နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။











