
အာက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဒေသခံတွေ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဒီရေတောကို စီးပွားဖြစ် ခိုးထုတ်နေကြပြီး တိုင်ကြားပေမဲ့ အရေးမယူဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အမ်းမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်အစပ်က ဧက ၃၀၀ လောက်ကျယ်ဝန်းတဲ့ ဒီရေတောကနေ အမ်းမြို့နယ်၊ လင်ပန်းကျင်းကျေးရွာနေ ဦးညီညီနဲ့ အပေါင်းအပါ စီးပွားရေးသမား ၃ ယောက်က စီးပွားဖြစ် သစ်ခိုးထုတ်ပြီး ရောင်းစားနေကြတာကြောင့် ဒေသခံတွေက ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ တိုက်နယ်မှူးတွေအထိ တိုင်တန်းကြပေနဲ့ ထိရောက်တဲ့ အရေးယူတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
အမ်းဒေသခံ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတယောက်က “အခု စီးပွားဖြစ် သစ်ခိုးထုတ်နေကြတဲ့ ဒီရေတောက ဒေသခံတွေ စောင့်ရှောက်ထားကြတဲ့ ဒီရေတောတွေ။ ဒေသခံတွေရဲ့ လိုအပ်ချက်အရ တပိုင်တနိုင်ခုတ်ကြတာကိုတော့ ဘယ်သူမှ အပြစ်မပြောကြဘူး။ အခုက စီးပွားဖြစ် သစ်ခိုးထုတ်ပြီး ရောင်းစားလာရင်တော့ မကြာဘူး၊ ဒီရေတောတခုလုံး ပြုန်းတီးမှာ။ ဒီရေ သစ်တောတခုဖြစ်ဖို့ဆိုတာ မလွယ်ဘူးပါဘူး။ ဖြုန်းတီးလိုက်ဖို့ဆိုတာ လွယ်လွယ်လေး။ အဲဒါကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ဒီရေသစ်တောတခု ပြုန်းတီသွားတာမျိုးမရှိအောင် စီးပွားဖြစ်သစ်ခိုးထုတ်တဲ့သူတွေကို အရေးယူမှုတွေ ပြုလုပ်ပြီး သစ်တောတွေကို ကာကွယ်ပေးစေချင်တယ်” လို့ပြောပါတယ်။
လင်ပန်းကျင်း၊ ပိန္နဲချိန်၊ ကျောက်မြောင်းစတဲ့ ကျေးရွာတွေက ဒေသခံတွေက နှစ်စဉ် ဒီရေပင်တွေ စိုက်ပျိုးထားကြပြီး ဒေသခံတွေရဲ့ တပိုင်တနိုင်လိုအပ်ချက်တွေအတွက် ထုတ်ယူ သုံးစွဲနေကြတာလို့လည်း သိရပါတယ်။
အခု ဒီရေပင်တွေကို စီးပွားဖြစ် သစ်ခိုးထုတ်နေတဲ့ လင်ပန်းကျင်းကျေးရွာက ဦးညီညီနဲ့ အပေါင်းအပါတွေကို ဒေသခံတွေက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တိုက်နယ်မှူးကို တိုင်တန်းခဲ့ကြလို့ လင်ပန်းကျင်းကျေးရွာအုပ်ချုပ်ရေးမှူးက ဝန်ခံရေးထိုးခိုင်းပြီး ကျပ်ငွေ ၅ သိန်း လျော်ကြေးပေးခိုင်းခဲ့ပေမဲ့ လက်ရှိအချိန်ထိ သစ်ခိုးထုတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမ်းနဲ့ ကျောက်ဖြူ အစပ်ဒေသဟာ ဒီရေတောတွေ ထူထပ်ခဲ့ပေမဲ့ စည်းကမ်းမဲ့ သစ်ခိုးထုတ်မှုတွေကြောင့် တနှစ်ထက်တနှစ် ပြုန်းတီးနှုန်းမြင့်တက်လာနေတယ်လို့ အမ်းဒေသခံ နောက် အမျိုးသားတယောက်က ပြောပါတယ်။
“ကျနော်တို့ဒေသမှာ သစ်ပင်ဆိုလို့ ဒီရေသစ်ပင်တွေပဲ ရှိတာ။ ဒီသစ်တောတွေကို ပြုန်းတီးသွားတာမျိုး လုံးဝမဖြစ်စေချင်ဘူး။ ဒီဟာတွေက ဒေသတွင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သလို သဘာဝဘေးအန္တရာယ်တွေကိုလည်း အကောင်းဆုံး ကာကွယ်ပေးနိုင်တယ်။ ဒေသခံတဦးအနေနဲ့ဆိုရင်တော့ ဒီလို စီးပွားဖြစ် သစ်ခိုးထုတ်မှုတွေကို ဟန့်တားအရေးယူမှုတွေ ပြုလုပ်ပြီး သစ်တောတွေကို ကာကွယ်ပေးစေချင်တယ်” လို့ပြောပါတယ်။
အမ်းမြို့နယ်က ခိုးထုတ်နေကြတဲ့ ဒီရေသစ်တွေကို မင်းပြားမြို့နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေဆီကို လောင်စာနဲ့ သစ်လုံးတွေအဖြစ် သုံးစွဲဖို့ ပို့ဆောင်ရောင်းချတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ကမြို့နယ်တွေမှာ တရားမဝင် သစ်ထုတ်လုပ်မှုကို ကန့်သတ်ထားပြီး ကိုယ်စိုက်ပျိုးထားတဲ့ သစ်တွေကိုတောင် တနှစ်မှာ အခွန်မဲ့ ၁ တန်ပဲ ထုတ်ယူခွင့်ပြုထားတာ ဖြစ်ပါတယ်။











