
ရခိုင်ပြည်နယိ၊ အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်ကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၁၀ ရက်မှာ လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၂ ယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
မြေပုံမြို့၊ သဲတန်းရပ်ကွက်၊ ခေါ်စာတောင်ကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ မနေ့ ည ၁၁ နာရီခွဲလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ မြေပုံဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“ချင်းလူမျိုးအများစုနေတဲ့ ရပ်ကွက်မှာ ဗုံး နှစ်ခါ ကျတာပါ။ အမေဖြစ်သူနဲ့ သားဖြစ်သူ ဒဏ်ရာရသွားပါတယ်။ နေအိမ်တွေလည်း ပြိုပျက်သွားပါတယ်။"
မြေပုံမြို့နယ်၊ သဲတန်းရပ်ကွက်က ချင်းလူမျိုးဖြစ်တဲ့ ကိုအောင်ဆန်းဝေ အသက် ၃၀ ကျော်အရွယ်နဲ့ မိခင်ဖြစ်သူ အသက် ၅၀ ကျော်အရွယ်တို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
အလားတူ အမ်း-ရန်ကုန်ရိုး ကျော်လမ်းကို ဒီကနေ့ အောက်တိုဘာ ၁၁ ရက် ၁၁ နာရီကျော်ခန့်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲခဲ့တာကြောင့် ကားလမ်းတချို့ ပျက်စီးသွားတယ်လို့ အမ်းဒေသထံ အမျိုးသားတယောက်က ပြောပါတယ်။
“အမ်းနဲ့ ရန်ကုန်သွားတဲ့ ရိုးကျော်လမ်းတွေကို ပစ်သွားတာ။ အမ်းမြို့နယ်ကအထွက် တောင်စောက်တောင်အတက် ရိုးလမ်းတွေ ပျက်စီးသွားတယ်။ လမ်းတွေ ပဲ့ထွက်သွားတယ်။"
အောက်တိုဘာ ၁၀ ရက် ညနေ ၆ နာရီ မိနစ် ၂၀ လောက်ကလည်း ဝီရဌာနေမြို့နယ် ဆင်အိုင်ကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၇ ယောက် သေဆုံးပြီး ၁၇ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။











