DVB Logo
Home
မြန်မာသတင်း
သံလွင်ငြိမ်းချမ်းရေးဥယျာဉ်မှ သစ်ခိုးထုတ်မှုများ ရှိနေ
အောင်ခန့်
·
September 1, 2026
Photo: Salween Peace Park
Photo: Salween Peace Park
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ၊ ဖာပွန် (မူတြော်)ခရိုင်အတွင်းက သံလွင်ငြိမ်းချမ်းရေးဥယျာဉ်တွင်းကနေ ဩဂုတ် ၂၃ ရက်နဲ့ ၂၆ ရက်က ခိုးယူထားတဲ့ သစ်လုံး ၁၀၄ လုံးကို ထိုင်းနိုင်ငံ သစ်တောဦးစီးဌာနနဲ့ KNU တာဝန်ရှိသူတွေ ပူးပေါင်းဖမ်းဆီးရမိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဒါအပြင် KNU နယ်မြေအတွင်း ဖမ်းဆီးမိတဲ့ တရားမဝင်သစ်တွေကို မူတြော်ခရိုင်၊ သစ်တောဦးစီးဌာနကို လွှဲပြောင်းပေးထားပြီး ထိုင်းဘက်ခြမ်းမှာမိတဲ့သစ်တွေကို ထိုင်းအာဏာပိုင်တွေကို လွှဲပြောင်းပေးခဲ့ပါတယ်။

တပ်မဟာ ၅၊ မူတြော်ခရိုင် ပြောခွင့်ရသူ ပဒိုစောထိုရော်ဘင်က “သံလွင်ငြိမ်းချမ်းရေးဥယျာဉ်မှာ တချို့သောပြည်သူလူထုတွေက ဒီလို သစ်တွေခိုးတဲ့အခါကျတော့ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ရဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လုပ်ရပ်တခုဖြစ်တာပေါ့။ ပြည်သူလူထုတွေက အကျင့်စာရိတ္တပိုင်း တူညီမှုတော့ မရှိဘူး။ စားဝတ်နေရေး ကိစ္စတွေလည်း ရှိမှာပေါ့။ နောက် သိမ်းသွင်းမှု စည်းရုံးမှုခံရတဲ့ဟာတွေလည်း ရှိနိုင်တယ်။ အဲဒီအပေါ်မှာ ဘာပဲဖြစ်ဖြစ် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ပေါ်မှာ ကိုယ်စောင့်ရှောက်ထားတဲ့ ခြံကို  ကိုယ်က ဒီလိုမျိုး ခိုးတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပြန်ပေးတဲ့သဘော။ ဒီလိုသစ်တွေက တဦးတယောက်ထဲ ပိုင်ဆိုင်တဲ့ဟာ မဟုတ်ဘူး။ အစည်းအရုံးတခုလုံး ပိုင်ဆိုင်တော့ သူတို့ ဒီလိုခိုးတဲ့အခါကျတော့ ကျနော်တို့က စည်းမျဉ်းစည်းကမ်းအရ အရေးယူ ဆောင်ရွက်မှုလုပ်ရတာ။ ဒီလို အရေးယူဆောင်ရွက်မှု လုပ်နိုင်တာကလည်း ပြည်သူလူထု ပူးပေါင်းပါဝင်မှု ပါ ပါတယ်”လို့ ပြောပါတယ်။

သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်သတ်မှတ်တည်ထောင်ခြင်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က  သဘောတူလက်မှတ်ရေးထိုးပြီး တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါ့အပြင် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို KNU သွားနေတဲ့ ငြိမ်းချမ်းရေး ခရီးစဉ်တွေကို အထောက်အကူပြုဖို့၊ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးမဆုံးရှုံးရလေအောင် တန်းတူ အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ ရှိနေတဲ့သဘာဝပတ်ဝန်းကျင်တွေ ပြုပြင်ထိန်းသိမ်းဖို့၊ သားစဉ်မြေဆက်ထိ ဆက်လက်သုံးစွဲနိုင်ဖို့နဲ့ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကို ထိန်းသိမ်းကာကွယ်တဲ့အနေနဲ့ ရည်ရွယ်ပြီး တည်ထောင်ခဲ့တာပါ။

ကရင်အရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူတယောက်က “တပ်မဟာ ၅ မှာက သံလွင်က အများပြည်သူပိုင် ဟုတ်တယ်။ တရားဝင်လည်း အရပ်သားအစိုးရက ကြေညာထားတယ်။ သူရဲ့ဧရိယာတွေ အကုန်လုံး။ အဲဒီတော့ အဲဒီမှာလည်း ကော်မတီတွေဖွဲ့ထားတာတွေလည်း ရှိတယ်။ သဘာဝပတ်ဝန်းကျင် ရေပေါ်ရေအောက် သစ်တော သယံဇာတ၊ ပြီးရင် ဂေဟစနစ်အားလုံးကို ကောင်းစေဖို့အတွက် စံပြလုပ်ထားတာဖြစ်တယ်။ အဲဒီတော့ အဲဒီကနေ တရားမဝင် သစ်တွေ ခိုးထုတ်နေတယ်ဆိုရင်တော့ အဲနယ်မြေမှာ စီမံအုပ်ချုပ်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့ သူတို့မှာတာဝန်ရှိတယ်လို့ ပြောချင်တယ်။ သစ်ခိုးထုတ်တဲ့အဖွဲ့တွေမှာ ကျနော်တို့ကြားနေရတာက ငွေကြေးအင်အား လက်နက်အင်အားရှိမယ်။ အာဏာရှိတဲ့လူတွေနဲ့ ပေါင်းစည်း လုပ်ဆောင်နေတယ်လို့ ကျနော်တို့ ကြားသိရတယ်”လို့ ပြောပါတယ်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်း သစ်ခိုးထုတ်ခံရတာနဲ့ပတ်သက်ပြီး သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ကော်မတီကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အခုသတင်းထုတ်လွှင့်ချိန်အထိ ပြန်လည် ဖြေကြားတာမရှိပါဘူး။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ရဲ့ အကျယ်အဝန်းဟာ စတုရန်း  ၅၂၀၅ ကီလိုမီတာရှိပြီး၊ ဥယျာဉ်အတွင်းမှာ မြို့နယ် ၃ မြို့နယ်၊ ကျေးရွာအုပ်စု ၂၆ စု၊ ကျေးရွာပေါင်း ၃၄၈ ရွာ၊ အိမ်ထောင်စု ၉၈၀၀ ကျော်၊ လူဦးရေ ၆၇,၀၀၀ ကျော်နေ ထိုင်တယ်လို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က အချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013