DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်နှင့် ခရိုင် ၆ ခုတွင် ပင်လယ်ဒီရေမြင့်တက်နိုင်ကြောင်း သတိပေး
DVB
·
May 18, 2026
Photo: REUTERS/Roylee Suriyaworakul
Photo: REUTERS/Roylee Suriyaworakul
Donate to DVB

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်နဲ့ အလယ်ပိုင်းခရိုင် ၆ ခုမှာ မေ ၁၇ ရက်ကနေ ၂၄ ရက်အထိ ပင်လယ်ဒီရေ မြင့်တက်နိုင်ကြောင်း ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျော့ပါးရေး ဦးစီးဌာန (DDPM) က သတိပေးချက် ထုတ်ပြန်ပါတယ်။

ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ပင်လယ်ဒီရေ မြင့်တက်မှုကို စောင့်ကြည့်ကြဖို့ သတိပေးထားပြီး မြစ်ရေနဲ့ မြောင်းရေတွေဟာ စိုးရိမ်ရေမှတ်အထက်ကို ကျော် လွန်သွားနိုင်တယ်လို့ ခန့်မှန်းထားသလို ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် မြစ်ကမ်းနားနေထိုင်သူတွေနဲ့ ရေကာတာအပြင်ဘက်က နိမ့်ပါးတဲ့ နယ်မြေတွေမှာ ထိခိုက်မှုတွေ ရှိလာနိုင်တ​ယ်လို့ ဆိုပါတယ်။

DDPM ရဲ့ ညွှန်ကြားရေးမှူးချုပ် ထီရာပတ်ကတ်ချမတ်ကတော့ ဌာနအနေနဲ့ ထိုင်း တော်ဝင်ရေတပ်ရဲ့ ရေကြောင်းမြေပုံညွှန်ကြားမှုဦးစီးဌာနနဲ့ ပူးပေါင်းပြီး ရေမျက်နှာပြင် အခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

ဒီကာလအတွင်း ညနေ ၇ နာရီကနေ ညသန်းခေါင်ကျော် ၁၂ နာရီခွဲအချိန်တွေမှာ ဒီရေ အမြင့်ဆုံးဖြစ်လာနိုင်ပြီး ရေမျက်နှာပြင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁ ဒသမ ၈၀ မီတာကနေ ၁ ဒသမ ၉၀ မီတာအထိ မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါဟာ စိုးရိမ်ရေမှတ်ထက် ၀ ဒသမ ၁၀ မီတာကနေ ၀ ဒသမ ၂၀ မီတာလောက် ပို မြင့်နေတာကြောင့် မြစ်တွေ၊ မြောင်းတွေနဲ့ နိမ့်တဲ့ ရပ်ကွက်တွေထဲကို ရေလျှံဝင်မဲ့ အန္တရာယ် ပိုများနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီသတိပေးချက်ဟာ ဘန်ကောက်မြို့တော်မှာရှိတဲ့ မြစ်ကမ်းနားခရိုင်အားလုံး အကျုံးဝင်ပြီး အထူးသဖြင့် ရေကာတာတံတိုင်းတွေရဲ့ အပြင်ဘက်မှာရှိတဲ့ လူနေရပ်ကွက်တွေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဒေသတွေမှာရှိတဲ့ ဒေသခံပြည်သူတွေအနေနဲ့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေကို အနီးကပ် စောင့်ကြည့်ကြဖို့၊ ပစ္စည်းပစ္စယတွေကို အမြင့်ပိုင်း ရွှေ့ပြောင်းထားကြဖို့နဲ့ ရေတက်လာရင် ပျက်စီးဆုံးရှုံးမှု ဒါမှမဟုတ် ဓာတ်လိုက်မှု အန္တရာယ်တွေကို လျှော့ချနိုင်ဖို့ လျှပ်စစ်ပစ္စည်းတွေကို စစ်ဆေးထားကြဖို့လည်း တိုက်တွန်းထားပါတယ်။

ပင်လယ်ဒီရေ မြင့်တက်မှုကို စောင့်ကြည့်ရမဲ့ ခရိုင်တွေကတော့ ပထုံဌာနီ၊ နွန်ထာပူရီ၊ နခွန်ပထုံ၊ စမွတ်ပရာကန်၊ စမွတ်ဆာခွန်နဲ့ စမွတ်စောင်ခမ်တို့ ဖြစ်ကြပြီး အဆိုပါ ခရိုင် ၆ ခုရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ၊ ဘန်ကောက်မြို့တော် စီမံခန့်ခွဲရေးကော်မတီ (BMA) နဲ့ အန္တရာယ်ရှိဇုန်တွေထဲက DDPM ဒေသဆိုင်ရာစင်တာတွေနဲ့ ပူးပေါင်းချိတ်ဆက်ထားတ​ယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ်းနားမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ရေကာတာတည်ဆောက်ရေး လုပ်ငန်းခွင်တွေနဲ့ ရေပေါ်စားသောက်ဆိုင်တွေကိုလည်း အထူးသတိထားကြဖို့ အကြံပြုထားသလို ရေကြီးရေလျှံမှုခဲ့ရင် ပြည်သူတွေကို ချက်ချင်းကူညီ နိုင်ဖို့အတွက် ဘေးအန္တရာယ်တုံ့ပြန်ရေး စက်ယန္တရားတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကို ပြင်ဆင်ထားတယ်လို့ DDPM က ပြောပါတယ်။

ရေကာတာတံတိုင်းတွေရဲ့ အပြင်ဘက်မှာ နေထိုင်သူတွေ ဒါမှမဟုတ် နိမ့်တဲ့ ရပ်ကွက်တွေမှာ ရှိနေသူတွေအနေနဲ့ ရေစတင်လျှံထွက်လာမဲ့ အချိန်အထိ မစောင့်ဘဲ ကြိုတင်ပြီး သတိထား ပြင်ဆင်ထားသင့်တယ်လို့လည်း ဆိုပါတယ်။

အန္တရာယ်ရှိဇုန်ထဲက ဒေသခံပြည်သူတွေအနေနဲ့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေကို အနီးကပ် စောင့်ကြည့်ဖို့၊ ပစ္စည်းပစ္စယတွေကို အမြင့်ပိုင်းဆီ ရွှေ့ပြောင်းထားဖို့၊ လျှပ်စစ်မီးပလပ်ခုံတွေနဲ့ လျှပ်စစ်ပစ္စည်းတွေကို ရေလွတ်တဲ့ အမြင့်ပိုင်းမှာ ထားဖို့၊ ရေကြီးနေတဲ့ နေရာတွေကို မလိုလားအပ်ဘဲ ဖြတ်သန်းသွားလာခြင်းကို ရှောင်ကြဉ်ဖို့လည်း သတိပေးထားပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ ဘေးအန္တရာယ် သတိပေးချက်တွေကို THAI DISASTER ALERT အပလီကေးရှင်းကနေတဆင့် လက်ခံရရှိနိုင်မှာဖြစ်သလို မတော်တဆ ထိခိုက်မှုတွေ ဖြစ်ပွားလာရင် LINE Official အကောင့်ကနေ ဖြစ်စေ၊ ၂၄ နာရီ ဖွင့်လှစ်ထားတဲ့ အရေးပေါ် ဟော့လိုင်းနံပါတ် ၁၇၈၄ ကို ဆက်သွယ်ပြီးဖြစ်စေ သတင်းပို့ တိုင်ကြားနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Source: The Nation Thailand 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013