DVB Logo
Home
မြန်မာသတင်း
အမြင်အာရုံမသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တန်းတူအခွင့်အရေးပေးရန် တိုက်တွန်း
DVB
·
October 16, 2026
Photo: MNAB
Photo: MNAB
Donate to DVB

အမြင်အာရုံ မသန်စွမ်းသူတွေရဲ့ ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနဲ့ တန်းတူအခွင့်အရေးတွေကို လက်တွေ့ ဖော်ဆောင်ပေးဖို့ အောက်တိုဘာ ၁၅ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မျက်မမြင်များ လမ်းလျှောက်တုတ်နေ့မှာ မြန်မာနိုင်ငံ မျက်မမြင်များအသင်းက တိုက်တွန်း ထုတ်ပြန်လိုက်ပါတယ်။

မျက်မမြင် လမ်းလျှောက်တုတ်ဟာ အမြင်အာရုံ မသန်စွမ်းသူတွေအတွက် ဘေးကင်းကင်းနဲ့ လွတ်လပ်စွာ သွားလာနိုင်ဖို့ အရေးပါတဲ့ အထောက်အကူပြု ပစ္စည်းတခု ဖြစ်ပါတယ်။ လွတ်လပ်စွာ သွားလာနိုင်မှ ပညာသင်ယူတာ၊ အလုပ်လုပ်တာနဲ့ လူမှုအသိုက်အဝန်းထဲမှာ ပါဝင်နိုင်ဖို့ အခွင့်အလမ်းတွေ ရရှိမယ်လို့ ဖော်ပြပါတယ်။

မျက်မမြင်တွေအတွက် လက်တွေ့ဖော်ဆောင်နိုင်ဖို့ အဓိက ဦးစားပေး အချက် ၃ ချက်ကို တောင်းဆိုထားပါတယ်။

ပထမအချက်ကတော့ မျက်မမြင်များ လုံခြုံစွာ သွားလာနိုင်ဖို့ လက်တွေ့ပံ့ပိုးပေးဖို့ဖြစ်ပြီး လူသွားလမ်းတွေမှာရှိတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးဖို့၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ လုံခြုံတဲ့လမ်းကြောင်း စီစဉ်ပေးဖို့နဲ့ သယ်ယူပို့ဆောင်ရေး သတင်းအချက်အလက်တွေကို အသံစနစ်နဲ့ပါ အသိပေးပေးဖို့ တောင်းဆိုထားပါတယ်။

လိုအပ်သူတွေကို လမ်းလျှောက်တုတ် အသုံးပြုပုံနဲ့ လေ့ကျင့်မှုတွေ ပံ့ပိုးပေးစေချင်တာလို့ ဆိုပါတယ်။

ဒုတိယအချက်ကတော့ သင်ယူခွင့်၊ အလုပ်လုပ်ခွင့်နဲ့ ကိုယ်တိုင် ဆုံးဖြတ်ခွင့်တွေကို တန်းတူဖော်ဆောင်ပေးဖို့ ဖြစ်ပြီး ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ အလုပ်ရှင်တွေအနေနဲ့ အရည်အချင်းအပေါ် အခြေခံပြီး အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ လက်လှမ်းမီ အသုံးပြုနိုင်မဲ့ နည်းပညာနဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ပေးဖို့ တောင်းဆိုထားပါတယ်။

မိသားစုနဲ့ လူ့အသိုက်အ၀န်း အဖွဲ့အစည်းတွေ အနေနဲ့လည်း အမြင်အာရုံ မသန်စွမ်းသူတွေနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေမှာ သူတို့ကိုယ်တိုင် ပါဝင်ဆုံးဖြတ်ခွင့် ပေးစေချင်ပါတယ်။

နောက်ဆုံး တတိယအချက်ကတော့ နားလည်မှု၊ လေးစားမှုနဲ့ နေ့စဉ်ဆက်ဆံရေးမှာ ကူညီပေးဖို့ ဖြစ်ပြီး အများပြည်သူအနေနဲ့ အကူအညီပေးချင်ရင် ပထမဦးစွာ မေးမြန်းပြီးမှ ကူညီပေးကြဖို့၊ ယာဉ်မောင်းတွေအနေနဲ့လည်း လမ်းလျှောက်တုတ် အသုံးပြုသူတွေ၊ လမ်းဖြတ်ကူးရင် ဘေးကင်းအောင် အချိန်နဲ့ နေရာပေးကြဖို့ ထုတ်ပြန်ချက်မှာ မေတ္တာရပ်ခံထားပါတယ်။

မြန်မာနိုင်ငံ မျက်မမြင်များအသင်းဟာ ကမ္ဘာ့မျက်မမြင်သမဂ္ဂ (WBU) ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး အမြင်အာရုံ မသန်စွမ်းသူတွေရဲ့ တန်းတူအခွင့်အရေးအတွက် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ သက်ဆိုင်ရာဌာနတွေ၊ အဖွဲ့အစည်းတွေနဲ့ အများပြည်သူအနေနဲ့လည်း လက်တွေ့ကျတဲ့ ပြောင်းလဲမှုတွေအတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရှိ မသန်စွမ်းသူတွေရဲ့ လူမှုစီးပွား၊ ကျန်းမာရေးနဲ့ လုံခြုံရေး အခြေအနေတွေဟာ ဘက်ပေါင်းစုံကနေ ပိုမိုဆိုးရွားလာခဲ့ပြီး ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက “ငုပ်လျှိုးနေသည့် အကျပ်အတည်း (Hidden Crisis)” တခုအဖြစ် ထောက်ပြထားကြပါတယ်။

၂၀၂၄ ခုနှစ် စစ်အာဏာရှင်အစိုးရရဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူ ဦးရေ ၂ ဒသမ ၃ သန်း ရှိတယ်လို့ ဆိုထားပေမဲ့ လက်ရှိ ပြည်တွင်းစစ်ပဋိပက္ခတွေကြောင့် မသန်စွမ်းသူဦးရေဟာ ပိုမို တိုးတက်လာနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေကို ဥပဒေအရ အကာအကွယ်ပေးဖို့နဲ့ လူမှုအသိုက်အဝန်းအတွင်း တန်းတူပါဝင်နိုင်ရေးအတွက် “မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ” ကို ၂၀၁၅ ခုနှစ် ဇွန် ၅ ရက် မှာ ပြဋ္ဌာန်းခဲ့ပေမဲ့ မသန်စွမ်းသူတွေ လုံခြုံမှုမရှိ၊ အတားအဆီးများနဲ့ အကာအကွယ်ကင်းမဲ့နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013