
တယ်လီဖုန်းဆင်းမ်ကတ် တကတ်ထက်ပိုပြီး ထည့်သွင်းနိုင်တဲ့ မိုဘိုင်းဖုန်း (Dual SIM) ဟန်းဆက်တွေမှာ CEIR စနစ်က ခွင့်ပြုထားတဲ့ Whitelist စာရင်းထဲမှာ ကွန်ရက်အသုံးပြုနေတဲ့ ဆင်းမ် တကတ်ပဲ ရောက်ရှိနေရင် လုံလောက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ CEIR နဲ့ EIR စနစ် စီမံကိန်းစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့က ဧပြီ ၂ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။
ဆိုလိုတာက ဆင်းမ်ကတ် ၂ ကတ်နဲ့ ၂ ကတ်ထက်ပိုပြီး ထည့်သွင်းအသုံးပြုနိုင်တဲ့ မိုဘိုင်းဖုန်းတွေမှာ အနည်းဆုံး ဆင်းမ်ကတ်တကတ်သာ ထည့်ထားဖို့လိုပြီး တခြားဆင်းမ်ကတ်အတွက် IMEI နံပါတ်နဲ့ ထည့်သွင်းစစ်ဆေးလို့ unpaid ပြသနေမယ်ဆို စိတ်ပူစရာမလိုတာ ဖြစ်ပါတယ်။
စာရင်းမသွင်းထားတဲ့ တခြားဆင်းမ်ကတ်တခုအတွက် Paid ပြသဖို့ သတ်မှတ်ထားတဲ့ ဝက်ဘ်ဆိုက်မှာ စာရင်းသွင်းပြီး လျှောက်ထားမယ်ဆို အလိုအလျောက် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို ရှင်းလင်းတဲ့ ထုတ်ပြန်ချက်ကိုတော့ တလကြာတဲ့တိုင်အောင် မထုတ်ပြန်ဘဲ နားလည်ရခက်တဲ့ ရေးသားဖော်ပြချက်တွေကြောင့် ပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့ကြတာ ဖြစ်ပါတယ်။
မတ် ၅ ရက်က ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာတော့ မတ် ၃၁ ရက် နောက်ဆုံးထားပြီး ဖုန်းတွေအားလုံးရဲ့ မူရင်းအမှတ်အသား IMEI နံပါတ်တွေဖြည့်ကာ CEIR စနစ်ထဲ ရောက်ရှိနေဖို့ လိုအပ်ကြောင်း၊ ဧပြီ ၁ ရက်က စတင်ကာ မိုဘိုင်းဖုန်း ဟန်းဆက်တွေကို အခွန်ကောက်ခံတော့မှာ ဖြစ်ကြောင်းနဲ့ ဧပြီလကုန်တဲ့အခါမှာတော့ CEIR စနစ်ထဲမှာ မရှိတဲ့ မိုဘိုင်းဟန်းဆက်တွေက ပိတ်သိမ်းခံရမှာဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန် သတိပေးထားတာ ဖြစ်ပါတယ်။








