DVB Logo
Home
မြန်မာသတင်း
ခရီးသွားသူများ၏ ဖုန်းထဲ ဥပဒေနှင့်မညီသည့်  ဓာတ်ပုံ၊ ဗီဒီယိုများမပါရန် အသိပေး
ဝေဝေ
·
September 24, 2026
Photo: DVB
Photo: DVB
Donate to DVB

ဘုရားဖူးယာဉ်တွေနဲ့ ခရီးသွားမဲ့သူတွေအနေနဲ့ ဖုန်းထဲမှာ ဥပဒေနဲ့ မညီတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ မပါရှိစေဖို့ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းက စက်တင်ဘာ ၂၁ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ဘုရားဖူးယာဉ်တွေ လုံခြုံစွာ ထွက်ခွာနိုင်ဖို့နဲ့ လမ်းခရီးအတွင်း လိုက်နာရမဲ့ အချက် ၉ ချက်ကို ဖော်ပြထားပြီး ခရီးသည်တွေအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ် ဒါမှမဟုတ် ရဲစခန်းက ခရီးသွားထောက်ခံစာ ယူဆောင်ဖို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထုတ်ပြန်ချက်မှာ “ဥပဒေနဲ့မညီတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ” လို့ဆိုပြီး သတိပေးထားပေမဲ့ ဘယ်လို အကြောင်း အရာတွေဟာ ဥပဒေနဲ့ မညီဘူးလို့ ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ အသေးစိတ် ဖော်ပြထားတာ မရှိပါဘူး။

ရှင်းလင်းတဲ့ဖော်ပြထားချက်မရှိတာကြောင့် တရားဥပဒေနဲ့ မညီတဲ့ဖမ်းဆီး စစ်ဆေး ချုပ်နှောင်ခံရတာမျိုးတွေ ဖြစ်လာနိုင်ကြောင်း ဥပဒေကျွမ်းကျင်သူတွေက မှတ်ချက်ပြုပါတယ်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက “ဘုရားဖူးယာဉ်တွေ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ဖို့အတွက် ရည်ရွယ်ပြီးထုတ်ပြန်ထားတဲ့ အသိပေးနှိုးဆော်ချက်မှာ ခရီးသည်တွေရဲ့ ဖုန်းထဲမှာ ဥပဒေနဲ့မညီတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ မပါလာဖို့ ဆိုတဲ့ သတ်မှတ်ချက်ကို ဥပဒေရေးရာအရကြည့်ရင် ရှင်းလင်းတိကျမှုရှိဖို့ လိုပါတယ်။ ဘယ်လို ဓာတ်ပုံ၊ ဗီဒီယိုကို ဘယ်ဥပဒေရဲ့ ဘယ်ပြဋ္ဌာန်းချက်အရ ဥပဒေနဲ့ မညီဘူးလို့ သတ်မှတ်ထားတာလဲဆိုတာ ပြည်သူတွေ ကြိုတင်သိရှိနိုင်အောင် ရှင်းလင်းဖော်ပြထားရပါမယ်။ မရှင်းလင်းတဲ့ စကားရပ်ကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ပြီး ဖုန်းစစ်ဆေးတာ၊ ခရီးသွားလာခွင့်ကို ကန့်သတ်တာ ဒါမှမဟုတ် အရေးယူတာမျိုး ဖြစ်လာရင် တရားလက်လွတ်/ ဥပဒေနှင့်မညီသော ဖမ်းဆီးခြင်း၊ ထိန်းသိမ်းချုပ်နှောင်ခြင်း ဖြစ်လာနိုင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လမ်းခရီးစစ်ဆေးရေးအဖွဲ့တွေနဲ့ အဆင်ပြေစွာ ပြောဆိုဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ဖို့၊ ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်တွေရှိရင် အသင်းဝင်ဂိတ်အချင်းချင်းနဲ့ Member Group ကနေ အသိပေးဖို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်အာဏာရှင်တပ် ထိန်းချုပ်ဒေသတွေကို ခရီးသွားလာမယ်ဆို အထူးသတိထား သွားလာကြဖို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့- MDSI ရဲ့ စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးကလည်း သတိပေးပါတယ်။

“စစ်တပ်ရဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းမှာတော့ လူငယ်တွေက ပိုပြီးတော့ ရှောင်တိမ်းဖို့ အင်မတန်မှကို ခက်ခဲလာတဲ့ အခြေအနေတွေတော့ ပိုပြီးတော့ ကျယ်ပြန့်လာတယ်။ နောက်တခုကတော့ တနည်းမဟုတ် တနည်း တနေ့မဟုတ် တနေ့ စစ်မှုထမ်းအန္တရာယ် ခြိမ်းခြောက်ခံရမှုတွေက ပိုပြီးတော့ များလာတယ်လို့ပဲ ပြောရမယ် ထင်ပါတယ်။ အဲဒါကြောင့် လူငယ်တွေအနေနဲ့ ရှောင်တိမ်းနိုင်တဲ့ အခြေအနေတွေ အခင်းအကျင်းတွေက အင်မတန်ကို ခက်ခဲလာတဲ့ အခြေအနေတွေလည်း တဖက်မှာ ရှိနေတယ်၊ ခရီးသွားလာတဲ့အခါမှာလည်း သေချာ လေး သတိထားဖို့တော့ လိုအပ်လိမ့်မယ် ထင်တယ်။ အခုခရီးသွားလာမှုတွေမှာလည်း ဖမ်းဆီးစစ်ဆေးမှုတွေက ပိုပြီးတော့ များပြားနေတယ်။”

ညောင်ဦးခရိုင်ထဲက စစ်ရေးသတင်းရင်းမြစ်တခုကတော့ ဖုန်းထဲမှာ မသင်္ကာတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ တွေ့ရှိရင် စစ်တပ်နဲ့ PDF လက်နက်ကိုင်တွေ နှစ်ဖက်စလုံးက ဖမ်းဆီး စစ်ဆေးတာတွေ လုပ်ဆောင်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ဘက်ကတော့ လူငယ်တွေပါရင် ပေါ်တာဆွဲ ဖမ်းဆီးတာတွေရှိနေပြီး သက်ကြီးရွယ်အိုတွေဆို ရွေငွေ လက်ဝတ်ရတနာတွေ ပါရင် ယူဆောင်သွားတာမျိုးတွေ ရှိနေတဲ့အတွက် ခရီးသွားလာမှုမှာ အထူးဂရုစိုက်ဖို့ကိုလည်း သတိပေးပါတယ်။

ခရီးသည်တွေ အိမ်အပြန် အဆင်ပြေစေရေးအတွက် လမ်းညွှန်တွေအနေနဲ့ Taxi (Grab) စီစဉ်ပေးဖို့၊ ကားနံပါတ် မှတ်တမ်းတင်ထားဖို့နဲ့ ခရီးသည် အိမ်ရောက်တဲ့အခါ လမ်းညွှန်ကို ပြန်လည်ဆက်သွယ် အကြောင်းကြားဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013