
ရန်ကုန်လေဆိပ်မှာ ခရီးသည်တွေရဲ့ ခရီးဆောင်အိတ်တွေကို တင်းကျပ်စစ်ဆေးတာနဲ့ ကီလိုအပို ဝယ်ယူထားတဲ့ ပစ္စည်းတွေကို အခွန်ထပ်ဆောင်း ပေးဆောင်ရတာတွေ ရှိတာကြောင့် လေကြောင်းနဲ့ ခရီးသွားလာသူတွေ အခက်ကြုံနေရပါတယ်။
လေကြောင်းနဲ့ ပြည်ပနိုင်ငံတွေကနေ ပြန်လည်ဝင်ရောက်လာသူတွေရဲ့ ပစ္စည်းတွေကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တင်းကျပ်စစ်ဆေးတာနဲ့ ကီလိုအပိုပစ္စည်းတွေအတွက် အခကြေးငွေ ကောက်ခံတာ များပြားတာတွေကြောင့် လေကြောင်းနဲ့ ခရီးသွားသူတွေနဲ့ တနိုင်တပိုင် ပစ္စည်းသယ်ယူပို့ဆောင်ပေးနေသူတွေ အခက်ကြုံနေကြရပါတယ်။
မကြာသေးခင်ကမှ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ ပုံမှန်ခရီးသည်တယောက်ရဲ့ ခရီးဆောင်အိတ်တွေနဲ့ ကီလိုဝယ်ယူထားတဲ့ အိတ်တွေကို စစ်ဆေးတာအပြင် အခကြေးငွေ ၇၀,၀၀၀ ကျပ် ထပ်ဆောင်းပေးဆောင်ခဲ့ရတဲ့အကြောင်း သိရပါတယ်။
ခရီးသည်တယောက်က “ပြီးခဲ့တဲ့ ၅ ရက်ကမှ ပြန်လာတာ၊ ကီလိုအပိုဝယ်ထားတဲ့ အိတ်တွေက ကြိုးအနီတွေနဲ့လေ၊ အဲဒါတွေကိုလည်း စစ်တယ်၊ အနီကြိုးမပါတဲ့ အိတ်တွေကိုလည်း ဖွင့်တယ်၊ ဖွတယ်၊ ပတ်စ်ပို့စာအုပ်ကိုလည်း ဓာတ်ပုံရိုက်ယူထားတယ်။ လေသံက အတော်လေး မာတယ် ပြောဆိုတာလေ။ ကိုယ်တွေက တကယ့် စီးပွားဖြစ် ကီလိုရောင်းစားနေတာ မဟုတ်ဘူး။ မိတ်ဆွေတွေက သူတို့အိမ်တွေအတွက် ထည့်ပေးလိုက်တဲ့ ပစ္စည်းတွေ သယ်လာပေးတာ။ စိတ်မလိုရင် အကုန်အသိမ်းခံရမှာဆိုတော့ စိတ်လျှော့လိုက်ရတယ်” လို့ ပြောပါတယ်။
ခရီးသည်တယောက်ကို အမျိုးအစားတူပစ္စည်း ၂ ခုထက် ပိုသယ်ဆောင်ရင် အခကြေးငွေ ပေးဆောင်ဖို့ သတ်မှတ်ထားကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ မြန်မာပြည်တွင်းကို ဝင်ရောက်လာတဲ့ ကီလိုအပိုပစ္စည်းတွေကို အမျိုးအစားနဲ့ လိုက်ကာ အခွန်အခတွေကို တရားဝင်ဖြတ်ပိုင်းနဲ့ ကောက်ခံလာတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်ဘက်က ပြည်တွင်းထုတ်ကုန်တွေကို အားထားဖို့ ပြင်ပက သွင်းကုန်တွေကို တားမြစ်ထားတဲ့ အခြေအနေ ဖြစ်နေတာကြောင့် ပြည်ပက ထုတ်ကုန်တွေကို အခုလိုနည်းလမ်းတွေနဲ့ သယ်ယူပို့ဆောင်တာတွေ ပိုပြီး ပြုလုပ်လာတာပါ။
အခုအခါမှာတော့ ပိုမိုတင်းကျပ်လိုက်တဲ့ အခြေအနေတွေကြောင့် တနိုင်တပိုင် သယ်ယူသူတွေ ကြားမှာလည်း အခက်ကြုံနေကြရပါတယ်။
တနိုင်တပိုင် ပစ္စည်းသယ်ယူပို့ဆောင်သူ တယောက်က “ဒီလိုမှမသွင်းရင် မြန်မာပြည်မှာက အကုန် ပစ္စည်းတွေ ပြတ်လပ်တော့မှာ။ ပြည်တွင်းထုတ်ကုန်ဆိုတာလည်း ကုန်ကြမ်းတချို့ကို နိုင်ငံခြားကနေ သွင်းမှရမှာ။ အဲဒါကို အခုလို အရမ်းတင်းကျပ်နေတော့ အဆင်ပြေမနေဘူး။ ဒီတခါဆို အခွန်ဆောင်ပြီးသား ဖြတ်ပိုင်းနဲ့မှ လေဆိပ်အပြင်ကို ပေးထွက်တာ။ ဒီတိုင်း ပိုက်ဆံပေးလိုက်လို့ မရဘူး။ ပစ္စည်းနဲ့အလိုက် အခွန်တွက်ပြီးသား ဖြတ်ပိုင်းနဲ့ ပေးလိုက်တာ၊ အဲဒီဖြတ်ပိုင်းပါမှ ရမှာ” လို့ ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်လေဆိပ်မှာ တာဝန်ကျ အာဏာပိုင်တချို့ကလည်း ခရီးသည်တွေရဲ့ ကုန်ပစ္စည်းတွေကို တင်းကျပ်စိစစ်ပြီး ငွေကြေးကောက်ခံတာတွေအပြင် တချို့ပစ္စည်းတွေ သိမ်းယူလိုက်တာမျိုးလည်း ရှိနေတာကြောင့် ခရီးသည်တွေကြားမှာ စိုးရိမ်မှုတွေ ပိုများလာနေတယ်လို့ သိရပါတယ်။











