
လေဆိပ်က ဝင်ရောက်လာတဲ့ ခရီးသည်တွေကို PD Form ကြေညာပြီး CEIR အခွန်ဆောင်တဲ့စနစ်ကို စစ်အာဏာရှင်အစိုးရက ကျင့်သုံးနေပေမဲ့ လက်တွေ့မှာတော့ ခရီးသည်အားလုံးကို မစိစစ်နိုင်သေးဘူးလို့ လေဆိပ်မှ ပြန်ဝင်လာသူတွေက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကနေ ဝင်ရောက်လာတဲ့ ခရီးသည်တယောက်ကို တနှစ်အတွင်း မိုဘိုင်းလက်ကိုင်ဖုန်း ၂ လုံးသာ သယ်ယူခွင့်ပြုထားတယ်လို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ စစ်အာဏာရှင်အစိုးရက ကြေညာထားပါတယ်။
အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်တွေကနေ ဝင်ရောက်လာတဲ့ ခရီးသည်တွေရဲ့ CEIR စနစ်မှာ မှတ်ပုံတင်မတင်ရသေးတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို လေဆိပ်အကောက်ခွန် ကောင်တာမှာ ဖုန်းရဲ့ IMEI နံပါတ်ကို မဖြစ်မနေထည့်သွင်းပြီး Passenger Declaration Form (PD Form) ဖြင့် ကြေညာရမယ်လို့ ဆိုပါတယ်။
CEIR စနစ်မှာ မှတ်ပုံတင်နိုင်ဖို့ CEIR OSS အဖွဲ့ဆီကို CEIR စနစ် မှတ်ပုံတင်ခွင့် လျှောက်လွှာ၊ Passport (မိတ္တူ)၊ Boarding Pass (မူရင်း၊ မိတ္တူ)၊ လေယာဉ်လက်မှတ် (မူရင်း၊ မိတ္တူ)၊ Passenger Declaration Form (PD Form) ရက်ပေါင်း ၃၀ အတွင်း လျှောက်ထားပြီး ကျသင့်အခွန်ကို ပေးသွင်းရမယ်လို့ ဆိုပါတယ်။ သတ်မှတ်ထားတဲ့ ရက်ပေါင်း ၃၀ အတွင်း မလျှောက်ရင် ကျသင့်အခွန်အပြင် ဒဏ်ကြေးတွေပါ ကောက်ခံနေပြီဖြစ်ပါတယ်။
အခုလိုလေဆိပ်မှာ တခါတည်း မိုဘိုင်းဖုန်းအခွန်ဆောင်ခိုင်းတဲ့ကိစ္စတွေဟာ ပုံမှန်အပြင်က ဆောင်တာထက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ များတဲ့အတွက် ကိုယ့်ရဲ့ အချက်အလက်တွေကို ထိန်းချုပ်မှာကိုတော့ ပြည်သူတွေက စိုးရိမ်နေကြပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာနေပြီး မြန်မာဖုန်းဆင်းကတ် သုံးမယ်ဆိုရင်တော့ ကိုယ့်ရဲ့ အချက်အလက်တွေအားလုံးကို ပေးမှသာ အသုံးပြုနိုင်မယ်လို့ မိုဘိုင်းဖုန်းတင်သွင်းသူ တယောက်က ပြောပါတယ်။
“ကိုယ်က ဒီနိုင်ငံမှာနေပြီးတော့ Register လုပ်မထားဘဲ သုံးနေတယ် ဆိုရင်တော့ ကိုယ့်ရဲ့ အချက်အလက်တွေက သူတို့ဆီမှာ ရှိမနေဘူးပေါ့။ ကျနော်တို့ဆိုရင်တော့ ကိုယ့်မှတ်ပုံတင်နဲ့ကိုယ် Register လုပ်ပြီး သုံးတာဆိုတော့ ကျနော့်ရဲ့ Information တွေအကုန် သူတို့ဆီမှာ ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ။ အခုအလုပ်လုပ်နေတဲ့ အဖွဲ့မှာဆိုရင် နိုင်ငံခြားသားတွေ ပါတယ်၊ သူတို့ဆိုရင် ဖုန်းအော်ပရေတာတွေ သုံးချင်တယ်ဆိုရင် သေချာပေါက် အဲဒါလုပ်ကိုလုပ်ရမှာ၊ လောလောဆယ်တော့ ကျော်လို့ရတာ မတွေ့သေးဘူး။”
ပြည်ပက ယူဆောင်လာတဲ့ ဖုန်းတွေကို မြန်မာပြည်တွင်းမှာ မြန်မာဆင်းကတ်ကို အသုံးပြုမယ်ဆိုရင် CEIR အခွန်မဖြစ်မနေဆောင်မှသာ ဆက်ပြီး အသုံးပြုလို့ရမယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
လက်ရှိမှာတော့ CEIR နဲ့ပတ်သက်ပြီး အခွန်ဆောင်ဖို့အတွက် လေဆိပ်တွေမှာ ကြေညာထားပေမဲ့ ပြည်ပက ပြန်ဝင်လာသမျှ ခရီးသည်အားလုံးကို မစိစစ်နိုင်တဲ့အတွက် အပြင်မှာပဲ ကိုယ်တိုင် အခွန်ဆောင်လိုက်ရတယ်လို့ ပြည်ပက ပြန်လာသူတယောက်က ပြောပါတယ်။
“နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ပြန်လာတယ်ဆိုရင်တော့ အလုပ်သမားဝန်ကြီးဌာနလား အဲဒီနားမှာ ဆိုင်းဘုတ်လေးရှိတယ်၊ အဲဒီမှာ အစစ်ခံရုံပဲ။ ကျနော် လာတုန်းက ကြေညာနေပြီ၊ ကျနော်တောင် ဘာဖြစ်မလဲမသိဘူး ဆိုပြီးတော့ ဘာမှမစစ်ဘူး၊ ဖုန်းလည်း ဘာမှမစစ်ဘူး၊ အခွန်ကတော့ ကိုယ့်ဟာကိုယ် အပြင်မှာ ဆောင်လိုက်တာ၊ ကိုယ့်ဟာကိုယ်ဆောင်လိုက်တာ ကျနော့်ဖုန်းက ၉ သိန်းဆောင်လိုက်ရတယ်။ မှတ်ပုံတင်ရှိရင် ရတယ်၊ နေရပ်လိပ်စာဖြည့်တယ်၊ အခွန်ဆောင်ရင်တော့ ချက်ချင်းတော့ မရဘူး၊ ကွန်ပျူတာနဲ့ဆိုရင်တော့ ချက်ချင်း ရတယ်ပြောတယ်၊ ကျနော်ကတော့ ၇ ရက်လောက် စောင့်ရမယ်။
ပေးဆောင်လိုက်ရတဲ့ အခွန်ကလည်း ဈေးကွက်မှာ ကျပ်သိန်း ၅၀ ပေါက်နေတဲ့ ဖုန်းတလုံးကို ငွေကျပ် ၁၀ သိန်းဝန်းကျင် ပေးဆောင်လိုက်ရတယ်လို့ ဆိုပါတယ်။ စစ်အာဏာရှင်အစိုးရ ဘက်ကတော့ မိုဘိုင်းဖုန်းတွေကို CEIR စနစ်မှာ မှတ်ပုံတင်တဲ့အခါ အကောက်ခွန်က ဖုန်းတန်ဖိုးရဲ့ ၅ ရာခိုင်နှုန်း၊ ကုန်သွန်လုပ်ငန်းခွန်က ဖုန်းတန်ဖိုးရဲ့ ၅ ရာခိုင်နှုန်း စုစုပေါင်း ၁၀ ရာခိုင်နှုန်းသာ ဆောင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဖုန်းသုံးစွဲသူတွေဟာ ဖုန်းတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ အခွန်ပေးဆောင်နေရတယ်လို့ ပြောပါတယ်။
အခုလို CEIR အခွန်ကို မဖြစ်မနေပေးဆောင်နေရတဲ့အတွက် တရားဝင်လိုင်စင်နဲ့ သွင်းထားတဲ့ ကုမ္ပဏီတွေကဆင့် ဝယ်ရောင်းတာမဟုတ်ဘဲ ပြည်ပက တနိုင်တပိုင် ဝယ်ရောင်းတဲ့သူတွေအပေါ်မှာ ဖုန်းတန်ဖိုးက ပိုမြင့်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီပိုများလာတဲ့ မိုဘိုင်းဖုန်းဈေးတွေကို အသုံးပြုတဲ့ ဝယ်ယူသူတွေကသာ အကုန်အခံရတာ ဖြစ်ပါတယ်။
ဖုန်းဆိုင်ဖွင့်ထားသူတယောက်က “ဈေးကတော့ သိပ်မကွာဘူး။ တချို့မြဝတီက သူတွေကကျတော့ အပေါ်ကနေ တန်းမှာတယ်လေ၊ မဲဆောက်က ဖောက်သည်ပေးတဲ့လူတွေကလည်း အများကြီး မဟုတ်ပါဘူး။ တလုံးကို ဘတ် ၅၀ တို့၊ ဘတ် ၁၀၀ တို့ အဲဒီလိုအမြတ်လေးနဲ့ ပို့တာပဲ၊ အာမခံလေးနဲ့ပေါ့။ တချို့ဆိုရင် မြန်မာပြည်က ဘောစိတွေက ဝယ်ခိုင်းလိုက်တယ်၊ ဘယ်လောက် ရာခိုင်နှုန်းစားမယ်ဆိုတာ ပြောထားပြီးသား ကုမ္ပဏီဈေးပေါ့ကွယ်။ အဝယ်တော်ပုံစံမျိုးလုပ်တာ များကြတယ်၊ အရင်လိုမရတော့ဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင် အစိုးရဘက်ကတော့ ဆိုက်ဘာရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့နဲ့ နယ်စပ်ဝင်ပေါက်တွေ၊ ပင်လယ်ရေကြောင်းဝင်ပေါက်၊ လေဆိပ်တွေမှာ ပြည်ပက မိုဘိုင်းဖုန်းဝင်ရောက်တာ တွေကို ကန့်သတ်ဖို့ CEIR မှတ်ပုံတင်တာတွေကို တင်းကျပ်လုပ်ဆောင်နေတယ်ဆိုပေမဲ့ ပြည်သူတွေအကြားမှာတော့ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အသုံးပြုပြီး စစ်အာဏာရှင် အစိုးရက အထူးစောင့်ကြည့်ဖမ်းဆီးမှာကိုလည်း စိုးရိမ်နေကြရပါတယ်။










