
ဂျပန်နိုင်ငံ အရှေ့ပိုင်း၊ ကာဝါဆာကီမြို့ရှိ JFE သံမဏိစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်မှာ ဧပြီ ၇ ရက်က ငြမ်းစင်ပြိုကျပြီးနောက် အလုပ်သမား ၃ ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး တယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံမီဒီယာတွေက ထုတ်ပြန်ပါတယ်။
JFE Steel East Japan Works ပိုင် တည်ဆောက်ရေးဆိုက်က အမြင့် ၄၀ မီတာလောက်ရှိတဲ့ ငြမ်းစင်ကြီး ပြိုကျသွားတာကြောင့် အင်္ဂါနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲဝန်းကျင်မှာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေဆီ ဖုန်းဆက် အကူအညီတောင်းခဲ့ကြတယ်လို့ NHK သတင်းဌာနက ဖော်ပြပါတယ်။
ငြမ်းစင်ပြိုကျချိန်မှာ အလုပ်သမား ၅ ယောက် ပြုတ်ကျသွားခဲ့ပြီး အဲဒီထဲက ၃ ယောက်ဟာ ဒဏ်ရာပြင်းထန်လို့ သတိမေ့မြောနေဆဲ ဖြစ်သလို နောက်ထပ်တယောက်ကတော့ ဒဏ်ရာအနည်းငယ်ရပြီး ဆေးရုံတင်ထားရပါတယ်။
ပျောက်ဆုံးနေတဲ့ အလုပ်သမား တယောက်ကိုတော့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေပါတယ်။ လက်ရှိမှာ ဒေသခံရဲတပ်ဖွဲ့နဲ့ မီးသတ်ဌာနတွေက ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ NHK က ပြောပါတယ်။
Source: Reuters










