
ပီရူးနိုင်ငံအရှေ့မြောက်ပိုင်း၊ အီကီးတော့စ်မြို့ရှိ ကျောင်းတကျောင်းမှာ ကွန်ကရစ် အဆောက်အအုံ အစိတ်အပိုင်းတခု ပြိုကျခဲ့တာကြောင့် ကျောင်းသားတယောက် သေဆုံးပြီး နောက်တယောက် ကတော့ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံတင်ထားရတယ်လို့ ဒေသခံ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသွားတဲ့ ကျောင်းသားဟာ အထက်တန်း ကျောင်းသားတယောက်ဖြစ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ ကျောင်းသားကိုတော့ ဒေသဆိုင်ရာ ဆေးရုံမှာ ဆေးကုသမှု ပေးနေပါတယ်။
ဒီပြိုကျမှုဟာ ကျောင်းဝင်းအတွင်းရှိ ရေကန်အဟောင်းတခုကို ကျောင်းအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အတိုင်း ဖျက်ဆီးနေချိန်မှာ ဖြစ်ပွားခဲ့တာလို့ လိုရီတိုဒေသဆိုင်ရာ အစိုးရက တရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အပျက်အစီးတွေအောက်မှာ ကျောင်းသားတွေ ပိတ်မိနေခဲ့တာကြောင့် မိဘတွေ၊ ဆရာ/ဆရာမတွေနဲ့ အတန်းဖော်တွေဟာ အခင်းဖြစ်ပွားရာဆီ အပြေးအလွှား သွားရောက်ပြီး ကူညီကယ်ဆယ်ခဲ့ကြပါတယ်။
ပြိုကျသွားတဲ့ အဆောက်အအုံ အစိတ်အပိုင်း လေးလံလွန်းတာကြောင့် ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ စက်ယန္တရားကြီးတွေကို သုံးခဲ့ရပါတယ်။
ခရိုင် အစိုးရရှေ့နေရုံးကတော့ ဒီမတော်တဆဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးနေပြီး ဥပဒေကြောင်းအရ တာဝန်ရှိမှုကို ဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။
ပီရူး ပညာရေးဝန်ကြီးဌာန ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။











