DVB Logo
Home
မြန်မာသတင်း
ရွှေခရုကြောင့် ကရင်နီတောင်သူများ စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက်နေ
မောရစ်
·
June 13, 2026
Photo: DVB
Photo: DVB
Donate to DVB

စပါးခင်းတွေကို ဖျက်ဆီးနေတဲ့ ရွှေခရု ဘေးအန္တရာယ်ကြောင့် ကရင်နီပြည်နယ်က ဒေသခံတောင်သူတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးမဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေဆီက သိရပါတယ်။ 

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့နယ်အတွင်းရှိ လယ်စိုက်ကွင်းအများစုမှာ ရွှေခရုတွေပွားများလာပြီး ပျိုးပင်တွေကို ကိုက်ဖြတ်ဖျက်ဆီးနေလို့ မိုးစပါးပင်တွေ စိုက်လို့မရနိုင်အောင် အခက်တွေ့နေတယ်လို့ နန်းမယ်ခုံတောင်သူတွေက ပြောပါတယ်။

နန်းမယ်ခုံတောင်သူတယောက်က “အရင်နှစ်နဲ့ အခုနှစ်ကတော့ ခရု ပိုပွားမယ် ထင်တယ်။ အရင်နှစ်ကတော့ ပွားတော့ ပွားတယ်၊ ဒါပေမဲ့ အစမို့လို့ နည်းနည်း ခံသာသေးတယ်။ ဒီနှစ်ကတော့ ခရု တော်တော်လေးကို ပွားတဲ့အခြေအနေ ရှိတယ်။ ခရုတွေ လိုက်ကောက်တယ်၊ ဒါပေမဲ့ သူ့ဟာက မျိုးမတုံးနိုင်ဘူး ဖြစ်နေတာရော။ ပိုးသတ်ဆေးတွေလည်း သူ့ကိုမနိုင်ဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။

နန်းမယ်ခုံတမြို့နယ်လုံး အတိုင်းအတာဖြင့် ခြုံငုံကြည့်ပါက လယ်စိုက်ဧက ၃,၀၀၀ ဝန်းကျင် ရှိတဲ့ထဲက လက်ရှိအနည်းဆုံး ဧက ၁၀၀ ကနေ ၂၀၀ ဝန်းကျင်က ခရုကြောင့် စပါးပင်တွေ လုံးဝပျက်စီးသွားတဲ့ အခြေအနေနေနဲ့ ကြုံနေရတာလို့ ဆိုပါတယ်။ 

နန်းမယ်ခုံတောင်သူတွေဟာ လက်ရှိကြုံနေတဲ့ ရွှေခရုပြဿနာကို ဖြေရှင်းဖို့အတွက် စစ်ရေးပဋိပက္ခတွေနဲ့ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုတွေ ရှိနေတာကြောင့် ထိရောက်တဲ့ ခရုသတ်ဆေးတွေနဲ့ နည်းပညာတွေ လက်လှမ်းမမီဘဲ လက်နဲ့ပဲ တကောင်ချင်း လိုက်ကောက်ပြီး နှိမ်နင်းနေကြရတာပါ။

ကရင်နီပြည်ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ (IEC) ဆည်မြောင်းဌာနရဲ့ ပြောပြချက်အရ ဒီရွှေခရုတွေဟာ အာဖရိကတိုက်ကနေ မြန်မာပြည်တွင်းကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်းက ကရင်နီပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုတွေနဲ့အတူ ဖယ်ခုံနဲ့ နန်းမယ်ခုံ ဧရိယာတွေဆီ အဓိက ကူးစက်ပြန့်ပွားလာတာလို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ တောင်သူတွေကို နှိမ်နင်းရေးသင်တန်းတွေ ပေးနေတယ်လို့ IEC စိုက်ပျိုး၊ မွေးမြူရေး နှင့် ဆည်မြောင်းဌာန ဌာနမှူး ခူးတူရယ်က  ပြောပါတယ်။

"အခု လေ့လာရသလောက် ရွှေခရုက သူ့ရဲ့ သမိုင်းကြောင်းအရ ကျနော်တို့ ဒီ နေရာဒေသ ဖယ်ခုံက လာတာမဟုတ်ဘူး။ အာဖရိကတိုက်ကနေ လာတာလို့ အကြမ်းဖျင်းအားဖြင့် မှန်းဆရတယ်။ အဓိက ပါလာတာက အရွှေ့အပြောင်းတွေမှာ ရေကြီးနစ်မြုပ်တဲ့ နည်းလမ်းတွေက ပိုပြီးတော့ ပါလာတာပေါ့။ ၂၀၂၃ ကာလတွေမှာ ပိုပြီးတော့ ပါလာတယ်။ အထူးသဖြင့် နန်းမခုံ၊ ဖယ်ခုံ ဧရိယာတချို့ ပိုများတယ်။ ပိုများတဲ့အခါကျတော့ ကျနော်တို့က သင်တန်းပေးတယ်ပေါ့။ သင်တန်းပေးတယ် ပြီးတော့ လိုအပ်တာလည်း ပံ့ပိုးမှုတွေ ဖြစ်တယ်ပေါ့။"

ရွှေခရုကို ကာကွယ်ဖို့ နည်းလမ်းပေါင်း ၁၇ ခု ရှိတဲ့အထဲမှာ လက်ရှိ ကရင်နီဒေသနဲ့ ကိုက်ညီတဲ့ နည်းလမ်း ၄ ခုကို IEC ဆည်မြောင်းဌာနက တောင်သူတွေကို အကြံပြုထားပါတယ်။ 

အဲဒါတွေကတော့ လက်နဲ့ လိုက်လံကောက်ယူဖျက်ဆီးတာ၊ လယ်ကွင်းထဲမှာ ရေကို ၁ လက်မထက် ပိုမထားဘဲ ရေအဝင်အထွက်ကို စနစ်တကျ ထိန်းညှိတာ၊ ခရုကြိုက်တတ်တဲ့ အစာတွေကို လယ်ကွင်းထောင့်တွေမှာ ထားပြီး မျှားခေါ်ဖျက်ဆီးပစ်တာ၊ မြက်စပ်၊ သစ်တိုင်၊ တုတ်တိုင်တွေမှာ တခါဥရင် ဥသောင်းချီ ဥတတ်တဲ့ ခရုဥတွေကို အလွယ်တကူ ရိုက်ခွဲဖျက်ဆီးတာတွေနဲ့ ကာကွယ်ဖို့ ဆည်မြောင်းဌာနက အကြုံပြုထားပါတယ်။

လက်ရှိမှာတော့ စစ်ဘေးဒဏ်ကြားက အစားအစာဖူလုံရေးအတွက် ရုန်းကန်နေရတဲ့ ကရင်နီတောင်သူတွေဟာ စိုက်ပျိုးစရိတ်ကြီးမြင့်မှုအပြင် အခုလို ရွှေခရုဘေးအန္တရာယ်နဲ့ပါ ထပ်မံရင်ဆိုင်နေရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013