
ကရင်နီပြည်နယ်အတွင်းက လွိုင်ကော်၊ ဖယ်ခုံအရှေ့ခြမ်းနဲ့ ရှားတောဘက်က စစ်ရှောင်တွေကို နေရပ်ပြန်လာကြဖို့ စစ်တပ်က သတင်းအမှားတွေ ဖြန့်ဝေဖိတ်ခေါ်နေသလို ပြန်မလာပါက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ဖိအားပေးနေတယ်လို့ ဒေသတွင်းရင်းမြစ်နဲ့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။
ကရင်နီပြည်နယ်ထဲမှာ နယ်မြေစိုးမိုးနိုင်စွမ်းနဲ့ အစိုးရယန္တရား မလည်ပတ်နိုင်တဲ့ လွိုင်ကော်၊ ဖယ်ခုံအရှေ့ခြမ်းနဲ့ ရှားတောဘက်က ကျေးရွာတွေမှာ လုံခြုံရေးစိတ်ချရပြီဆိုကာ နေရပ်ပြန်လာဖို့ သတင်းအမှားတွေ စစ်တပ်ကဖန်တီးပြီး စစ်ရှောင်တွေကို ပြန်လာဖို့ ဖိတ်ခေါ်နေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က DVB ကို ပြောပါတယ်။
KCSN ညှိနှိုင်းရေးမှူး ခူးကိုရယ်က “သူတို့မှာ ထိန်းချုပ်နယ်မြေဆိုတာ မရှိဘူးလေ။ သူတို့ အစိုးရယန္တရား လည်ပတ်နိုင်တဲ့ အခြေအနေ မရှိတော့ဘူးဆိုတော့ ဟို လွိုင်ကော်ကနေ စစ်ရှောင်သွားတဲ့လူတွေကို သူတို့ ပြန်ပြီးတော့မှ ပြန်လာခိုင်းချင်တဲ့ သဘောတော့ရှိတယ်။ ရိုးရိုးလေး ခုဏ ကျနော်ပြောတဲ့ ဖိတ်ခေါ်တဲ့နေရာမှာ လူထုတွေက ပြန်လာချင်မှ ပြန်လာမယ်။ တဖက်တလမ်းမှာ သူတို့ ပုံမှန်လုပ်နေကျ အစီအစဉ်အတိုင်း သူတို့ ဗုံးကြဲလိုက်တယ်၊ လက်နက်ကြီးတွေနဲ့ ပစ်လိုက်တယ်။ လူထုတွေက မခံမရပ်နိုင်တော့ဘူးဆိုတဲ့အထိ သူတို့လုပ်မှာ။ ဆိုတော့ အဲဒီအခြေအနေမှာ လူထုက တအား ဒုက္ခရောက်ပြဆိုရင် သူတို့ ပြန်လာနေကြမှာပဲဆိုတဲ့ စိတ်နဲ့ ဆိုတဲ့ အယူအဆနဲ့ သူတို့လုပ်တာ ဖြစ်တယ်ပေါ့” လို့ ပြောပါတယ်။
တဖက်မှာလည်း စစ်ရှောင်တွေ နေရပ်မပြန်မချင်း လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီး ဆက်တိုက်ဖိအားပေးလာတယ်လို့ စစ်ရှောင်တွေက ဆက်ပြောပါတယ်။
လွိုင်ကော်အရှေ့ခြမ်းနဲ့ ရှားတောဘက်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ သုံးရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ရှားတောမြို့နယ် နော်ပလုရွာမှာ ကလေးငယ် တယောက် အပါအဝင် ဒေသခံ ၅ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့ကာ စက်တင်ဘာ ၈ ရက်နေ့မှာလည်း လွိုင်ကော်အရှေ့ခြမ်း စစ်ရှောင်စခန်းတခုကို တိုက်လေယာဉ်တွေနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အခုလို စစ်တပ်ရဲ့ လေကြောင်းရန်နဲ့ စစ်ရေးဖိအားတွေအပြင် တဖက်မှာလည်း စစ်ရှောင်စခန်းတွေအတွင်း စားဝတ်နေရေးနဲ့ အလုပ်အကိုင်အခက်အခဲတွေ ရင်ဆိုင်လာရတာကြောင့် နေရပ်ပြန်သွားကြရတဲ့သူတွေလည်း ရှိနေတယ်လို့ စစ်ရှောင်တယောက်က ဆိုပါတယ်။
“ကိုယ့်အိမ်ပြန်လာနေကြဖို့၊ ပြီးတော့ လုံခြုံရေးနဲ့ ပတ်သက်လို့ မကြောက်ဖို့၊ ပြီးတော့ အဲဒီအခါကျရင် ဒီ ဘယ်လိုပြောရမလဲ ကိုယ့်အိမ်ကို ပြန်လာနေပြီးတော့ အလုပ်လုပ်ဖို့၊ အဲလိုမျိုးပေါ့နော် ဆရာ။ ဥပမာ ဝန်ထမ်းတွေဆိုရင်လည်း အရင်တုန်းက ပြန်ခေါ်တာ၊ CDM တွေ ပြန်ခေါ်တာရှိတယ်။ ပြန်သွားတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ပြန်သွားတဲ့သူတွေက (အဓိကကတော့) ဖယ်ခုံအရှေ့ခြမ်းက အလုပ်အကိုင်နဲ့ ငွေကြေးစားသောက်မှု ရှားပါးလာတာနဲ့အမျှ အဲဒီ ဖယ်ခုံအင်းရဲ့ ရှေ့ဘက်တကြောကတော့ တချို့ပြန်တာ ရှိပါတယ်။”
စစ်တပ်ဟာ စစ်ရေးအရ အသာစီးရဖို့နဲ့ အုပ်ချုပ်ရေးယန္တရား ပြန်လည်စတင်နိုင်ပြီဆိုတဲ့ ပုံရိပ်ကို ဖန်တီးပြဖို့အတွက် စစ်ရှောင်ပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ နေရပ်ပြန်ခိုင်းနေပေမဲ့ မြေပြင်မှာတော့ လုံခြုံရေးအာမခံချက် လုံးဝမရှိသေးဘဲ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကိုသာ အဓိက အသုံးချနေဆဲ ဖြစ်ပါတယ်။
မောရစ်











