
မြေပဲအဓိကစိုက်ပျိုးတဲ့ နယ်မြေဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် စိုက်ဧကတွေ လျော့နည်းပြီး မြေပဲဆီဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ စားသုံးဆီရောင်းချသူတွေဆီကနေ သိရပါတယ်။
မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့မှာ မြေပဲကို အဓိက စိုက်ပျိုးတာဖြစ်ပြီး အဲဒီဒေသတွေမှာ တိုက်ပွဲတွေနဲ့ ရေကြီးတာတွေကြောင့် စိုက်ဧကတွေ လျော့ကျသလို သီးနှံအထွက်နှုန်းလည်း လျော့ကျလာပါတယ်။
ပြီးတော့ ဆီအထွက်နှုန်းကလည်း လျော့ကျလာသလို သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် ဈေးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
ပဲဆီရောင်းချသူတယောက်က “မြေပဲတွေက အရင်လောက် မစိုက်ပျိုးနိုင်ကြတော့ဘူး။ နယ်မြေတွေက မတည်ငြိမ်တော့ မစိုက်နိုင်ကြတော့ဘူး။ စစ်ရှောင်လိုက် မြေပဲပြေးစိုက်လိုက်နဲ့ အဲဒီလိုတွေ ဖြစ်နေတာ။ အဲဒီတော့ ဧကအများကြီး မစိုက်နိုင်တော့ဘူး။ သီးနှံအထွက်နှုန်း လျော့တော့ ဆီမကြိတ်နိုင်ဘူးပေါ့။ ဆီထွက်တာ နည်းသွားတယ်။ နည်းတော့ ဈေးကွက်ထဲမှာ ဈေးကြီးလာတယ်” လို့ ပြောပါတယ်။
ပဲဆီဈေးနှုန်းဟာ လက်လီဈေးကွက်အတွင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက တပိဿာ ကျပ် ၁၅,၀၀၀ ဝန်းကျင်ရှိခဲ့ပြီး အခုအခါမှာတော့ အမျိုးအစားနဲ့ အရည်အသွေးပေါ်မူတည်ပြီး တပိဿာ ၂၀,၀၀၀ ကျပ်ကနေ ၂၈,၀၀၀ ကျပ် ဝန်းကျင်အထိ ပေါက်ဈေးရှိနေပါတယ်။
မြန်မာနိုင်ငံမှာ မြေပဲစိုက်ပျိုးမှုဟာ နှစ်စဉ် ပျမ်းမျှ ဧက ၂ ဒသမ ၃၅ သန်း ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။











