DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တရားရေးဝန်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင်များ စက်သုံးဆီ လိမ်ထုတ်နေ
DVB
·
May 30, 2026
Photo : DVB
Photo : DVB
Donate to DVB

ရန်ကုန်မြို့မှာ တရားရေးဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေက အရပ်သားကားတွေရဲ့ လိုင်စင်တွေ အသုံးပြုပြီး ဆီဆိုင်ဝန်ထမ်းတွေနဲ့ ပေါင်းကာ စက်သုံးဆီ အလွဲသုံးစားထုတ်ယူမှုတွေ လုပ်နေ ပါတယ်။

ဒါကို သက်ဆိုင်ရာ စစ်အာဏာရှင် အာဏာပိုင်တွေက အရေးယူအပြစ်မပေးတဲ့အတွက် ကာယကံ ရှင်တွေ နစ်နာနေရတယ်လို့ နစ်နာခဲ့သူတချို့က DVB ကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ခေါင်းဆောင်ကနေ အရပ်သားအသွင်ဆောင်ထားတဲ့အစိုးရကို ဦးဆောင်နေသူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စက်သုံးဆီထုတ်ယူရာမှာ စုံ၊ မစနစ်ခွဲ၊ လိုင်စင်ကတ်နဲ့မှ စက်သုံးဆီ ထုတ်ယူခွင့်သတ်မှတ်ချက်ကို ပြင်ဆင်ထားပေမဲ့ သူ့လက်အောက်ခံဌာနတွေက ဝန်ထမ်း တွေဟာ လိုင်စင်အပွားတွေ အသုံးပြုပြီး ဆီထုတ်ယူသုံးစွဲနေတာလို့ ကိုယ်တွေ့ကြုံရသူ ယာဉ်ပိုင်ရှင် တချို့က ပြောပါတယ်။

ယာဉ်ပိုင်ရှင်တယောက်က “ကျနော်တို့ စက်သုံးဆီချွေတာရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ သတ်မှတ်ချက်ကို လိုက်နာပြီး စည်းကမ်းတကျ ရှိတယ်၊ ပြည်သူက လိုက်နာနေတယ်။ အခုက ကျနော့်ကား လိုင်စင်နံပတ်နဲ့ ရဲတဦး၊ တရားရေး ဝန်ထမ်းတဦးက ဒီလထဲမှာ ဆီ နှစ်ခါတောင် ထုတ်ယူသွားတယ်။ ကျနော် ဆီထုတ်ဖို့ ဆိုင်ကိုသွားတော့ ထုတ်လို့မရတော့ဘူး။ ကျနော်ခွဲတမ်း ထုတ်ထားပြီးပြီလို့ ပြောတယ်” လို့ ပြောပါတယ်။

နှစ်စဉ် ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနမှာ အခွန်ဆောင်၊ အမည်ပေါက်ပိုင်ဆိုင်ထားတဲ့ ကားဖြစ်ပေမဲ့ ဆီဖြတ်ထုတ်သူ တရားရေးဝန်ထမ်းနဲ့ ရဲဝန်ထမ်းဟာ စက်သုံးဆီဆိုင်က ဝန်ထမ်းနဲ့ ပေါင်းပြီး နစ်နာသူ ယာဉ်ပိုင်ရှင်ရမယ့် စက်သုံးဆီခွဲတမ်းကို ဖြတ်ခုတ်နေတာလို့ ဆိုပါတယ်။

ကင်မရာမှတ်တမ်းတွေအရ ထိုသူတွေ စက်သုံးဆီလာထုတ်ယူချိန်မှာ မောင်းနှင်လာတဲ့ကားနဲ့ ထုတ်ယူတဲ့ လိုင်စင်နံပတ် မတူပေမဲ့ စက်သုံးဆီ အရောင်းဆိုင်က ဝန်ထမ်းကလည်း ထုတ်ပေး လိုက်တယ်လို့ နစ်နာသူတွေက ပြောတယ်။

တရားရေးဝန်ထမ်းနဲ့ ရဲဝန်ထမ်းတွေက အရပ်သားကားနံပါတ် လိုင်စင်အသုံးပြု ဆီထုတ်ယူသွားတဲ့ ဆိုင်တွေကတော့ ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်က သုဓမ္မာလမ်းမကြီးပေါ်က စက်သုံးဆီ ဆိုင် တဆိုင်နဲ့ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမပေါ်က စက်သုံးဆီ ဆိုင်တဆိုင်မှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒီအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံကို တိုင်ကြားပေမဲ့ သူတို့က လက်ရှောင်နေပြီး ဒီလို ပြဿနာတွေ အများကြီး တိုင်ကြားခံထားရတယ်လို့သာပြောကာ မဖြေရှင်းပေးဘူးလို့ နစ်နာသူ ယာဉ်ပိုင်ရှင် တယောက်က ပြောပါတယ်။‌

“ယာဉ်ထိန်းရုံးသွားတော့လည်း သူတို့မှာ နံပါတ်ပွားပြီး စက်သုံးဆီထုတ်နေကြလို့ လာတိုင်ထားတဲ့ အမှုက ရာနဲ့ချီ ရှိနေတယ်။ သူတို့ မှတ်တမ်းတော့ ယူထားပေမဲ့ ဘာမှတော့ လုပ်ပေးလို့ မရဘူးလို့ ပြောတယ်။ အခွန်ဆောင်ထားတဲ့ တရားဝင်လိုင်စင်ကြီးနဲ့ ကျနော်တို့က ဆီထုတ်လို့မရတာ။” 

ဆီထုတ်ယူနေတဲ့ တရားရေးဝန်ထမ်းဆိုသူကို ကာယကံရှင်တွေက ဆက်သွယ်ဖြေရှင်းပေမဲ့ ဒါဟာ နိုင်ငံပိုင်သိမ်းထားတဲ့ ယာဉ်တွေရဲ့ လိုင်စင်တွေမို့ သူတို့က ဌာနခွင့်ပြုချက်နဲ့ တရားဝင် ထုတ်ယူ နေတာလို့ ပြန်ပြောကြောင်း နစ်နာသူက ပြောပါတယ်။

ဒီအကြောင်းကို စစ်အာဏာရှင်တပ်ရဲ့ အာဏာပိုင်အဆင့်ဆင့်ကို တိုင်ကြားထားပေမဲ့ ဒီသတင်း ရေးသားချိန်အထိ ထိရောက်တဲ့ အရေးယူမှု လုပ်ဆောင်တာ မသိရသေးဘူးလို့ ကာယကံရှင်တွေက DVB ကို ပြောပါတယ်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချသူများအသင်းကတော့ ဒီလို ဝန်ထမ်းတွေနဲ့ ပူးပေါင်း ကြံစည်တဲ့ စက်သုံးဆီဆိုင် ၂ ဆိုင်ကို ဆီခွဲတမ်းလျော့ချတဲ့ အပြစ်ပေးအရေးယူမှု လုပ်မယ်လို့ တိုင်ကြားထားသူ ကာယကံရှင်တွေကို အကြောင်းပြန်ထားပါတယ်။

နစ်နာသူကာယကံရှင်တယောက်က “ဆီထုတ်ပေးတဲ့ ဆီဆိုင်ကိုပဲ အရေးယူလို့မရဘူး။ ဝန်ထမ်း အရှိန်အဝါကို သုံးပြီး လိမ်ထုတ်နေတဲ့ အဲဒီဝန်ထမ်းတွေကိုပါ အရေးယူပေးရမှာ။ ပြည်သူကို ဥပဒေလိုက်နာခိုင်းပြီး သူတို့က ဥပဒေအပေါ်မှာနေကြတာ မဖြစ်သင့်ဘူး” လို့ ပြောပါတယ်။

တခြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ စစ်အာဏာရှင် သမ္မတရုံးတို့ဘက်ကတော့ အခုလို အကျင့်ပျက်ခြစားတဲ့ ဝန်ထမ်းတွေကို အရေးယူမဲ့ အစီအစဉ်ကို နစ်နာသူ ကာယကံရှင်တွေ ထံ ပြောကြားလာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ စက်သုံးဆီအကျပ်အတည်းပြဿနာကို ဖြေရှင်းဖို့အတွက်ဆိုပြီး နိုင်ငံတဝန်းမှာ ယာဉ်တွေကို စုံ၊ မ စနစ်ခွဲကာ မောင်းခိုင်းထားသလို ဆီထုတ်ယူရာမှာလည်း အပတ်စဉ်လီတာ သတ်မှတ်ချက်၊ လိုင်စင်သတ်မှတ်ချက်၊ ကီလို သတ်မှတ်ချက်တွေနဲ့ ထိန်းချုပ်ရောင်းချနေတာ ဖြစ်ပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013