
မကွေးတိုင်း၊ နတ်မောက်-မြို့သစ်လမ်းပိုင်းပေါ်မှာ ဇူလိုင် ၂၇ ရက် ညနေက ရဲတပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ မော်တော်ယာဥ်ကို ပစ်ခတ်ဖမ်းဆီးခဲ့လို့ ကားတစီး အပါအဝင် ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၃ စစ်ဒေသ၊ နေပြည်တော်စစ်တိုင်း ၉၀၂ တပ်ရင်း၊ တပ်ခွဲ ၃ (တောင်တွင်းကြီးတပ်ခွဲ) ဆီကနေ သိရပါတယ်။
၉၀၂ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “နတ်မောက်-မြို့သစ်လမ်းပိုင်း လုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေးနေချိန်မှာ ညနေ ၃ နာရီခွဲပြီးလောက်ရောက်တော့ အိမ်စီးကားအဖြူတစီးကို မသင်္ကာလို့ စစ်ဆေးဖို့ တားတဲ့အချိန်မှာ ရပ်မပေးဘဲ ပစ်ခတ်ထွက်ပြေးခဲ့လို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တာပါ” လို့ ပြောပါတယ်။
အဆိုပါ မော်တော်ယာဥ်ကို မောင်းနှင်လာတဲ့ ရဲတပ်ဖွဲ့ဝင်ကတော့ ဒဏ်ရာနဲ့အတူ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
၉၀၂ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “အဲဒီကားမောင်းလာတဲ့ကောင် ဒဏ်ရာရပြီး ထွက်ပြေးသွားတယ်။ ကျန်နေခဲ့တဲ့ သွေးကွက်တွေက ကြီးတော့ ဒဏ်ရာကလည်း များတဲ့ပုံပေါ်တယ်။ ထွက်ပြေးရင်း သေ၊ မသေ ဆိုတာတော့ စုံစမ်းနေပါတယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းကနေ ကားတစီး၊ ဖုန်းတလုံး၊ G3 ကျည် ၇၄ တောင့်၊ လက်ထိပ်တခု၊ ကျည်ကာဦးထုပ် အပါအဝင် ဦးထုပ် ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို အမှတ် ၃ စစ်ဒေသ၊ နေပြည်တော်စစ်တိုင်း ၉၀၂ တပ်ရင်း၊ တပ်ခွဲ ၃ (တောင်တွင်းကြီးတပ်ခွဲ) က တပ်ဖွဲ့ဝင်တွေ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာမရရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။










