
မြန်မာပြည်တွင်း အခေါက်ရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးနဲ့အပြိုင် ဆက်တိုက်ကျဆင်းနေပြီး တရက်အတွင်း တကျပ်သားကို ကျပ် ၂ သိန်းကျော် ထပ်မံ ကျဆင်းသွားပါတယ်။
ကမ္ဘာ့ရွှေဈေးက ဒီနေ့မနက်ပိုင်းမှာ တအောင်စကို အမေရိကန်ဒေါ်လာ ၄,၁၈၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး မနေ့ကဈေးနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာ ၁၅၀ ဝန်းကျင် လျော့ကျသွားတာ ဖြစ်ပါတယ်။
ဈေးကွက်လေ့လာသူတွေကတော့ အမေရိကန်နဲ့ အီရန်အကြား တင်းမာမှုတွေ၊ ရေနံဈေး မြင့်တက်လာတာနဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းမူဝါဒအပေါ် စိုးရိမ်မှုတွေကြောင့် ရွှေဝယ်လိုအား လျော့နည်းလာတာဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
ကမ္ဘာ့ရွှေဈေး ကျဆင်းလာတဲ့အတွက် ပြည်တွင်း ၁၆ ပဲရည် အခေါက်ရွှေဈေးဟာလည်း မနေ့က တကျပ်သားကို ကျပ် ၉၉ သိန်း ၉ သောင်း ဝန်းကျင်ရှိရာကနေ ဒီနေ့မနက်မှာ ကျပ် ၉၇ သိန်းခွဲ ဝန်းကျင်အထိ ကျဆင်းလာခဲ့ပါတယ်။
ဒီနှစ်အစပိုင်းမှာ ပြည်တွင်း အခေါက်ရွှေ တကျပ်သားဈေးဟာ ကျပ် ၁၁၈ သိန်းအထိ စံချိန်တင် မြင့်တက်ခဲ့ပေမဲ့ လက်ရှိမှာတော့ ကမ္ဘာ့ရွှေဈေး အားပျော့လာတာနဲ့အတူ ကျပ် ၉၇ သိန်းကျော် ဝန်းကျင်အထိ ပြန်လည်ကျဆင်းလာတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရွှေဆိုင်အများစုက အခေါက်ရွှေ အရောင်းအဝယ်ကို သတိထား ဆောင်ရွက်နေကြပြီး ၁၅ ပဲရည် ရွှေအထည်တွေကိုသာ အဓိကထား ရောင်းဝယ်နေကြတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ရွှေလုပ်ငန်းရှင်တွေကတော့ ကမ္ဘာ့ရွှေဈေး ဆက်လက်ကျဆင်းနေမယ်ဆိုရင် ပြည်တွင်းရွှေဈေးကွက်မှာလည်း အကျဘက် ဖိအားဆက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။











