
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ကျုံပျော်မြို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စစ်အာဏာရှင်တပ်ဖွဲ့က ဖျက်ဆီးဖယ်ရှားသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၂ ရက် ဒီနေ့ မနက်အစောပိုင်းက ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက်မှာ ရှိတဲ့ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်တုကို စစ်အာဏာရှင်တပ်ဖွဲ့တွေ၊ စည်ပင်ကလို့ ယူဆရတဲ့ အရပ်ဝတ်နဲ့လူတချို့က လာပြီးဖျက်ဆီး ဖယ်ရှားသွားတာလို့ ဆိုပါတယ်။
ကျုံပျော်မြို့ခံတယောက်က “ဒီနေ့မနက်စောပိုင်းမှာ ဗိုလ်ချုပ်ရုပ်တုကို လာဖျက်ဆီးသွားတာ။ အနုကြမ်းစီးနေသလိုပဲ။ ရဲတွေ၊ စစ်သားတွေ၊ အရပ်ဝတ်နဲ့လူတွေ ပါတဲ့အဖွဲ့က လာဖျက်သွားတာ။ ထင်တောင်မထင်ဘူး” လို့ ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စစ်အာဏာရှင်တပ်နဲ့အဖွဲ့က ဖျက်ဆီးဖယ်ရှားခဲ့တဲ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားတဲ့ နေရာပတ်ဝန်းကျင်မှာ လုံခြုံရေးယူထားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
NLD ပါတီလက်ထက် အုပ်ချုပ်ရေးမှူးတယောက်က “ရုပ်တုကို ရုတ်တရက် ဖယ်ရှားတော့ မကျေနပ်တာတွေ ဖြစ်လာမှာကို ကြောက်ပြီး ရုပ်တုပတ်ဝန်းကျင်မှာ သေနတ်ကြီးတွေနဲ့ စောင့်နေတာ။ ဘယ်စိတ်ကူး၊ ဘယ်လိုရည်ရွယ်ချက်နဲ့များ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်တုတွေကို အခုလို လိုက်လံဖျက်ဆီး ဖယ်ထုတ်နေတာလည်း မသိဘူး” လို့ ပြောပါတယ်။
ဖျက်ဆီးခံရတဲ့ ကျုံပျော်မြို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို NLD အစိုးရလက်ထက် ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ဦးမန်းဂျော်နီ တာဝန်ယူချိန် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်က တည်ထားဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာမှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ဗိုလ်ချုပ်ရုပ်တုကို စစ်ကောင်စီတပ်က ဖျက်ဆီးဖယ်ရှားသေးတယ်လို့ သိရပါတယ်။











