
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့ကို ဩဂုတ် ၁၁ ရက် ဒီကနေ့ မနက် ၇ နာရီခွဲလောက်က စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တဲ့အတွက် ခူမီးလူမျိုး ဆယ်ကျော်သက် မိန်းကလေး ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ပလက်ဝဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
ဒဏ်ရာရရှိသွားသူတွေဟာ ဦးသောက်ကြာရဲ့ သမီး အသက် ၁၉ နှစ်အရွယ် မထွေးစိန်နဲ့ ဦးကင်းနှုံရဲ့ သမီး အသက် ၁၃ နှစ်အရွယ် မသန္တာထိုက် တို့ ဖြစ်ကြပါတယ်။
ဒေသခံတယောက်က “မြို့ပေါ်ကို ဗုံးလာကြဲတာ၊ မြို့အဝင်ဆိုင်းဘုတ်နားမှာ ကျတယ်။ အဲဒီဗုံးစတွေက အနီးအနားက နေအိမ်တွေထိ လွင့်သွားလို့ ၂ ယောက် ဒဏ်ရာရသွားတယ်”လို့ ပြောပါတယ်။
ပလက်ဝမြို့ပေါ်ကို ဗုံးလာကြဲပြီးနောက်ပိုင်း ဒေသခံတချို့လည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ ပလက်ဝဒေသခံ နောက်အမျိုးသမီးတယောက်က ပြောပါတယ်။
“လောလောဆယ်မြို့မှာ ဆက်မနေရဲတော့လို့ တခြားနေရာကို တိမ်းရှောင်နေရတယ်။ နောက်ထပ် လာကြဲမှာ ကြောက်တယ်။”
AA သိမ်းထားတဲ့ ရခိုင်က မြို့နယ်တွေကို စစ်တပ်က အကြောင်းမဲ့ နေ့စဉ်ရက်ဆက် ဗုံးကြဲနေတဲ့အတွက် ဒေသခံတွေ အကြောက်တရားတွေနဲ့ပဲ နေထိုင်ဖြတ်သန်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဩဂုတ် ၁၀ ရက် နေ့လယ် ၁ နာရီကျော်ကလည်း သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံ ၁၄ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။










