
ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းလာတာကြောင့် ပြည်တွင်းဈေးကွက်မှာ ရွှေဈေးသိသိသာသာ ကျဆင်းလာပြီး ၁၆ ပဲရည် အခေါက်ရွှေတကျပ်သားဈေးဟာ ကျပ်သိန်း ၁၀၀ အောက် ပြန်ရောက်သွားပါတယ်။
ဇွန် ၅ ရက်က ၁၆ ပဲရည် အခေါက်ရွှေ တကျပ်သား ရောင်းဈေးဟာ ကျပ် ၁၀၁ သိန်း ၃ သောင်း ဝန်းကျင်အထိ ရှိခဲ့ပေမဲ့ ဒီနေ့ ဇွန် ၈ ရက်မှာတော့ ကျပ် ၉၉ သိန်း ဝန်းကျင်အထိ ကျဆင်းလာခဲ့တာကြောင့် ရက်ပိုင်းအတွင်း ကျပ် ၂ သိန်းကျော် လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးအနေနဲ့လည်း ဇွန် ၄ ရက်က တအောင်စကို အမေရိကန်ဒေါ်လာ ၄,၄၇၇ ဝန်းကျင် ရှိခဲ့ရာကနေ ဒီနေ့ ဇွန် ၈ ရက်မှာတော့ ဒေါ်လာ ၄,၃၀၀ အောက်အထိ ကျဆင်းသွားခဲ့ပါတယ်။ ၄ ရက်အတွင်းမှာပဲ ဒေါ်လာ ၂၀၀ နီးပါး ကျဆင်းသွားခဲ့တာပါ။
ကမ္ဘာ့ရွှေဈေး ကျဆင်းလာရတဲ့ အဓိကအကြောင်းရင်းက အမေရိကန်အလုပ်အကိုင် အချက်အလက်တွေ အားကောင်းနေတာကြောင့် အမေရိကန်ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းကို ဆက်လက်မြင့်မားစွာ ထားရှိမယ်လို့ ဈေးကွက်က ယုံကြည်လာပြီး ရွှေအပေါ် ရင်းနှီးမြှုပ်နှံမှု လျော့ကျလာတာကြောင့် ဖြစ်တယ်လို့ ဈေးကွက်လေ့လာသူတွေက ဆိုပါတယ်။
ဒါပေမဲ့ ဇွန် ၈ရက် ညနေပိုင်းမှာတော့ ကမ္ဘာရွှေဈေးက တအောင်စ ၄,၃၂၀ ဒေါ်လာဝန်းကျင်အထိ အနည်းငယ် ပြန်တက်လာပြီး ဈေးကွက်ဆက်လက် မတည်ငြိမ်နိုင်သေးဘူးလို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။










