
ဒေါ်လာ ၄,၀၀၀ အောက်အထိ ကျဆင်းခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ ၂ ရက်အတွင်း ဒေါ်လာ ၄,၁၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာပေမဲ့ ပြည်တွင်းရွှေဈေးကွက်မှာတော့ တရက်တည်း အတက်အကျ ကြမ်းနေပြီး နေ့လယ်ပိုင်းမှာ ဈေးပြန်လည်ကျဆင်းလာပါတယ်။
နိုဝင်ဘာ ၅ ရက် မနက်ပိုင်းမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို ဒေါ်လာ ၄,၁၃၀ ကျော်အထိ ရောက်ရှိလာပြီး ပြည်တွင်း ၁၆ ပဲရည် အခေါက်ရွှေတကျပ်သား အရောင်းဈေးကလည်း ကျပ် ၁၀၄ သိန်း ၇ သောင်းအထိ မြင့်တက်ခဲ့ပါတယ်။
ဒါပေမဲ့ မနက်ပိုင်း အမြင့်ဆုံးဈေးကို ရောက်ပြီးနောက် နေ့လယ်ပိုင်းကစပြီး ရွှေဈေး ပြန်လည်ကျဆင်းခဲ့ရာ တရက်တည်းနဲ့တင် ကျပ် ၂ သိန်းကျော် အတက်အကျ ဖြစ်ပေါ်ခဲ့ပြီး ညနေပိုင်းမှာတော့ ကျပ် ၁၀၃ သိန်း ၄ သောင်းဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ကမ္ဘာ့ရွှေဈေးဟာလည်း နိုဝင်ဘာ ၃ ရက်မှာ ဒေါ်လာ ၄,၀၀၀ အောက်အထိ ကျဆင်းခဲ့ရာကနေ နိုဝင်ဘာ ၄ ရက် ညနေပိုင်းမှာ ဒေါ်လာ ၄,၀၄၆ ကျော်၊ နိုဝင်ဘာ ၅ ရက်မှာ ဒေါ်လာ ၄,၁၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။
အခုလို ကမ္ဘာ့ရွှေဈေး ပြန်လည်အားကောင်းလာတာဟာ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ အနိုင်ရမှုတွေကြောင့် အမေရိကန်နဲ့ အီရန်ကြား ပဋိပက္ခ အဆုံးသတ်နိုင်မဲ့ မျှော်လင့်ချက် မြင့်တက်လာတာ၊ ရေနံဈေးကျဆင်းတာနဲ့အတူ အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာတာက ရွှေဈေးကို အထောက်အပံ့ဖြစ်စေခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
အခုလို ကမ္ဘာ့ရွှေဈေး ပြန်လည်မြင့်တက်လာပေမဲ့ ပြည်တွင်းရွှေဈေးကွက်မှာတော့ အတက်အကျ မြန်ဆန်နေတဲ့အတွက် လာမဲ့ရက်တွေမှာ ရွှေဈေး ဘယ်လိုဆက်လက်လှုပ်ရှားမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။











