
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပွဲစဉ် ၃၃ ပွဲနဲ့ ဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီး ဒါဟာ ၁၉၅၈ ခုနှစ်နောက်ပိုင်း အမြန်ဆုံး ဂိုး ၁၀၀ ပြည့်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာပါတယ်။
လီဗာပူးတိုက်စစ်မှူး ကိုဒီဂက်ပိုက နယ်သာလန်အသင်းအတွက် ဆွီဒင်ကို (၅-၁) ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ တတိယမြောက်သွင်းခဲ့တဲ့ ဂိုးဟာ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၀၀ ပြည့်ဂိုး ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ တပွဲပျမ်းမျှ ၃ ဒသမ ၀၉ ဂိုးအထိ သွင်းယူနေပြီး စုစုပေါင်း ဂိုး ၃၀၀ ကျော်ဖို့ မျှော်မှန်းထားပါတယ်။
ဂိုးများစွာသွင်းယူနေရတဲ့ အကြောင်းရင်းတွေထဲမှာ Adidas Trionda ဘောလုံးရဲ့ ပေါ့ပါးမှုကြောင့် ဂိုးသမားတွေ အခက်တွေ့နေတာ ပါဝင်ပါတယ်။
အင်္ဂလန်ဂိုးသမားဟောင်း ဂျိုးဟတ်ကတော့ ဂိုးသမားတွေ ဘောလုံးကို ထိန်းချုပ်ရတာ ခက်ခဲနေတယ်လို့ ပြောပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင် အမ်ဘာပေက ဆီနီဂေါဂိုးသမားကို ၃၀ ကိုက်အကွာကနေ သွင်းယူခဲ့တာမျိုး ရှိပါတယ်။
နည်းပြတွေကလည်း ကစားသမားတွေ ရေသောက်ဖို့ အနားပေးချိန်တွေကို နည်းဗျူဟာပြောင်းလဲဖို့ အသုံးပြုနေတာပါ။
မက်ဆီ၊ အမ်ဘာပေ၊ ဟာလန်းနဲ့ ကိန်းလို ထိပ်တန်းကစားသမားတွေ ခြေစွမ်းပြနေတာကလည်း ဂိုးတွေများရတဲ့ အဓိက အကြောင်းရင်းတခုပါလို့ သုံးသပ်နေကြပါတယ်။










