
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်က ဆွမ်းလောင်းဓမ္မာရုံကို ဖျက်သိမ်းမဲ့ကိစ္စနဲ့ ပတ်သက်လို့ အုပ်ချုပ်ရေးနဲ့ မဘသဘုန်းကြီးတွေ ပြဿနာတက်နေကြပြီး အောက်တိုဘာ ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်အာဏာရှင်တပ်နဲ့ ရဲတွေက လုံခြုံရေး အပြည့်အဝ ချထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကျောက်ကုန်းလမ်းနဲ့ အောင်ဇေယျလမ်းထောင့်မှာရှိတဲ့ ဆွမ်းလောင်းဓမ္မာရုံကို အုပ်ချုပ်ရေးနဲ့ စည်ပင်က ဒီနေ့မှာ ဖျက်သိမ်းမယ်လို့ စာထုတ်ပြန်ခဲ့ပြီးနောက် မဘသဘုန်းကြီးတွေနဲ့ အမျိုးသားရေးအဖွဲ့တွေက အင်အားလာပြတာလို့ ဒေသခံက ပြောပါတယ်။
“ထွေအုပ်နဲ့ စည်ပင်က ၃ လပိုင်းကတည်းက ဖျက်ဖို့ ပြောထားတာပါ။ ဆွမ်းလောင်းအဖွဲ့က မဖျက်ပေးလို့ စည်ပင်က ဖျက်ဖို့လုပ်တာပါ။ အဲဒါကို ဒီမနက် မဘသဘုန်းကြီးတွေနဲ့ အမျိုးသားရေးအဖွဲ့တွေ အင်အားလာပြကြတယ်။ စစ်တပ်နဲ့ရဲတွေကလည်း အရပ်ဝတ်တွေနဲ့ လုံခြုံရေး အပြည့်ချထားတယ်။”
သင်္ဃန်းကျွန်းခရိုင်တရားရုံးက အောက်တိုဘာ ၁၅ ရက်မှာ အမျိုးသားရေးဆရာတော် ဦးလက္ခဏကို ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် ၁ နှစ်နဲ့ ၉ လ အမိန့်ချခဲ့တဲ့ ဖြစ်စဉ်ကို မကျေနပ်ဘဲ ခရိုင်အတွင်းရှိ မြို့နယ်တွေမှာ လူထုအုံကြွမှု ဖြစ်အောင် လုပ်ဆောင်နေတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“လိုင်စင်မဲ့ကားစီးပြီး သွားလေရာ ဓားတွေပါယူသွားတဲ့ မဘသဘုန်းကြီးတပါးကို ခရိုင်က ဖမ်းပြီး ထောင်ချလိုက်တယ်။ အဲဒီကိစ္စကို မဘသတွေက မကျေနပ်လို့ အခုကိစ္စမှာ ဝင်ပါတာပါ။ ဆွမ်းလောင်းဓမ္မာရုံ ရှိမှ ဆွမ်းလောင်းလို့ ရတာမှ မဟုတ်တာ။ သဒ္ဓါတရား ထက်သန်ရင် ကိုယ့်အိမ်ကနေ ဆွမ်းလောင်းလည်း ကုသိုလ်ရတာပဲ။”
လတ်တလောမှာတော့ (၁၄) ရပ်ကွက် ဆွမ်းလောင်းဓမ္မာရုံ အနီးတဝိုက်မှာ မဘသဘုန်းကြီးတွေနဲ့ အမျိုးသားရေးအဖွဲ့တွေ လူအင်အား အများအပြား နေရာယူထားတာကြောင့် လမ်းသွားလမ်းလာနဲ့ ဈေးရောင်းဈေးဝယ်တွေ စိတ်အနှောင့်အယှက် ဖြစ်နေရတယ်လို့လည်း သိရပါတယ်။
ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက် ဆွမ်းလောင်းဓမ္မာရုံ အပါအဝင် အဆိုပါ မြေကွက်ပေါ်မှာ ဆောက်လုပ်ထားတဲ့ အဆောက်အအုံ ၆ လုံးက သက်ဆိုင်သူတွေကို ၂၀၂၆ ခုနှစ် မတ် ၁၃ ရက် ကတည်းက ရန်ကင်းမြို့နယ် ထွေအုပ်နဲ့ စည်ပင်က ခေါ်ယူပြီး ၇ လအတွင်း ဖျက်သိမ်းပေးဖို့ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းခဲ့တာ ဖြစ်ပါတယ်။
Photo: အမျိုးသားရေးအဖွဲ့











