DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်အုပ်ချုပ်ရေးက နေပြည်တော်မှာသာ သီးသန့်ရှိမနေဟု SCEF ပြော 
DVB
·
July 16, 2026
Photo: SCEF
Photo: SCEF
Donate to DVB

ဒီနေ့မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဟာ နေပြည်တော်မှာပဲ သီးသန့်မရှိတော့ဘဲ တိုင်းပြည်ရဲ့ နေရာအများအပြားမှာ ဒေသကိုယ်စားပြုအာဏာပိုင်တွေက အုပ်ချုပ်စီမံနေလို့ ဘယ်လို ငြိမ်းချမ်းရေးဖြစ်စဉ်မဆို အဲဒီ တရားဝင်နိုင်ငံရေးအာဏာပိုင်တွေကို အသိအမှတ်ပြုပြီး ထိတွေ့ဆက်ဆံရမယ်လို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)က ဇူလိုင် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ထိုင်းနဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မကြာခင်က တွေ့ဆုံဆွေးနွေးခဲ့တဲ့အပေါ် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပြီး အရင်ကယူဆချက်တွေနဲ့ အခြေခံ တည်ဆောက်ထားတဲ့ နိုင်ငံရေးအစီအမံတွေဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

SCEF အဖွဲ့ဝင် အဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ဟာ အာဆီယံ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်နဲ့ ထိုင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီးက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ တွေ့ဆုံဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့ကြတာပါ။

စစ်အာဏာရှင်နဲ့ အတူတွေ့ဆုံတာမဟုတ်ဘဲ အာဆီယံနဲ့ သီးသန့်တွေ့ဆုံတာဖြစ်ပြီး အဲဒီ ဆွေးနွေးတာတွေကိုလည်း SCEF နဲ့ စစ်အာဏာရှင်တွေအကြား တရားဝင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဒါမှမဟုတ် စေ့စပ်ညှိနှိုင်းမှုလုပ်ငန်းစဉ် စတင်တယ်လို့ အဓိပ္ပာယ်မကောက်ယူသင့်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲအတွင်း SCEF ကိုယ်စားလှယ်တွေက အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကြိမ်ကြိမ် ထပ်လောင်းအတည်ပြုရုံသက်သက်နဲ့ မြေပြင်အရှိတရားတွေကို ပြောင်းလဲနိုင်မှာ မဟုတ်လို့ အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်းဆွေးနွေးပါတယ်။

SCEF ဟာ ရည်မှန်းချက်မပါတဲ့ တွေ့ဆုံဆွေးနွေးမှုသက်သက်ကို ယုံကြည်မှုမရှိသလို စစ်တပ် လွှမ်းမိုးမှု၊ ဗဟိုချုပ်ကိုင်မှုအားကြီးတဲ့ အာဏာရှင်စနစ်နဲ့ အရင်းခံ နိုင်ငံရေး အကျပ်အတည်းတို့ကို ချန်ထားပြီး အကြမ်းဖက်မှုကို လျှော့ချရုံသက်သက်ရည်ရွယ်တဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ပြီးတော့ အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးပွဲအတွက် စစ်အာဏာရှင်တွေဟာ အခုအချိန်ထိ နိုင်ငံရေး စိတ်ဆန္ဒမပြသသေးဘဲ အဲဒီလိုပြဖို့ တာဝန်ဟာ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးဟာ နေပြည်တော်မှာပဲ သီးသန့်မရှိတော့ဘဲ တိုင်းပြည်ရဲ့ နေရာအများအပြားမှာ အုပ်ချုပ်ရေးကို ပြည်နယ်/ယူနစ်အခြေခံနဲ့ ဆောင်ရွက်နေကြသလို ဒေသကိုယ်စားပြုအာဏာပိုင်တွေက နယ်မြေအတွင်းအုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး၊ တရားစီရင်ရေး၊ ပြည်သူ့ဝန်ဆောင်မှုတွေနဲ့ သက်ဆိုင်ရာပြည်သူတွေရဲ့ နိုင်ငံရေးဆန္ဒတွေကို ကိုယ်စားပြု ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။

အဲဒီပကတိအရှိတရားတွေက တိုင်းပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းကို အခြေခံအားဖြင့် ပြောင်းလဲ သွားပြီဖြစ်လို့ ဘယ်ငြိမ်းချမ်းရေးဖြစ်စဉ်မဆို အဲဒီ တရားဝင်နိုင်ငံရေး အာဏာပိုင်တွေကို အသိအမှတ်ပြုပြီး ထိတွေ့ဆက်ဆံရမယ်လို့ ဆိုပါတယ်။

ပြီးတော့ အရင်က ယူဆချက်တွေကို အခြေခံတည်ဆောက်တဲ့ နိုင်ငံရေးအစီအမံတွေဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မှာမဟုတ်ဘဲ အချိန်မတန်မီ နိုင်ငံရေး ပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းတာဟာ လက်ရှိကွဲပြားနေတဲ့ နိုင်ငံရေးအခြေအနေတွေကို ပိုဆိုးဝါးစေမယ်လို့ လည်း ဆိုပါတယ်။

SCEFရဲ့ ရည်မှန်းချက်ကတော့  စစ်တပ် အာဏာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး၊ ပဋိပက္ခကို ဖြစ်စေတဲ့ အရင်းခံအကြောင်းရင်းတွေကို ဖြေရှင်းပြီး တန်းတူညီမျှမှု၊ မျှဝေကျင့်သုံးတဲ့ အချုပ်အခြာအာဏာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီအရပါဝင်မှု၊ တရားဥပဒေစိုးမိုးရေး၊ မတူကွဲပြားမှုကို လေးစားမှုနဲ့ အရပ်သားအစိုးရ အုပ်ချုပ်မှုတို့အပေါ် အခြေခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတရပ်ကို တည်ဆောက်နိုင်မဲ့ နိုင်ငံရေး အသွင်ကူးပြောင်းရေး ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီးနဲ့ အာဆီယံ အထူးကိုယ်စားလှယ်တို့ ဟာလည်း Video Conference နဲ့ တွေ့ဆုံခဲ့ပြီး ဝန်ကြီးက SCEF အဖွဲ့ဝင်တွေနဲ့ သီးခြားတွေ့ဆုံပြီးဖြစ်တာကြောင့် မိမိတို့ရဲ့ တူညီတဲ့ သဘောထားကို သိရှိပြီးဖြစ်မယ်လို့ ယူဆကြောင်း ပြောခဲ့တယ်လို့ NUG  ထုတ်ပြန်ပါတယ်။

ပြီးတော့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ စုပေါင်းခေါင်းဆောင်မှုယန္တရားဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ မဟာမိတ်အင်အားစုတွေ စုပေါင်းပြီး တစုတစည်းတည်း တွေ့ဆုံဆွေးနွေးနိုင်တာဟာ မြန်မာ့နိုင်ငံရေးအခြေအနေကို ပိုပြီး တိတိကျကျ နားလည် သဘောပေါက်နိုင်စေဖို့နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြေရှင်းမှုကို အထောက်အကူပြုမယ်လို့ ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013