
၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ အင်္ဂလန်အသင်းက တယောက်လျော့နဲ့ကစားပြီး ပူးတွဲအိမ်ရှင် မက္ကဆီကိုအသင်းကို (၃-၂) ဂိုး နဲ့ အနိုင်ရကာ ကွာတားဖိုင်နယ် တက်သွားပါတယ်။
မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့၊ အက်စတာဒီယိုအက်ဇ်တီကာ အားကစားကွင်းကြီးမှာ ဒေသစံတော်ချိန် ဇူလိုင် ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ အင်္ဂလန်အသင်းအတွက် ဂျုဒ် ဘယ်လင်ဂမ်က ပထမပိုင်း ပွဲချိန် ၃၆ မိနစ်နဲ့ ၃၈ မိနစ်တွေမှာ ဆာကာရဲ့ ပံ့ပိုးပေးမှုကနေတဆင့် ၂ ဂိုး ဆက်တိုက် အဖွင့်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။
ပထမပိုင်းပြီးခါနီး ပွဲချိန် ၄၂ မိနစ်မှာတော့ မက္ကဆီကိုအသင်းအတွက် ဂျူလီယန် ကွီညွန်နက်စ်က ချေပဂိုးတဂိုး ပြန်လည်သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ အင်္ဂလန်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နေပါတယ်။
ဒုတိယပိုင်း ပွဲပြန်စချိန်မှာ ပွဲကပိုမို အကြိတ်အနယ်ရှိလာပြီး ပွဲချိန် ၅၄ မိနစ်မှာတော့ အင်္ဂလန်အသင်းက ဂျေ ကွမ်ဆာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ခံခဲ့ရလို့ လက်ကျန်ပွဲချိန်မှာ အင်္ဂလန်အသင်း ၁၀ ယောက်တည်းနဲ့ ကစားသွားခဲ့ရပါတယ်။
ပွဲချိန် မိနစ် ၆၀ မှာတော့ အင်္ဂလန်အသင်းက ပင်နယ်တီရပြီး ဟယ်ရီကိန်းက ဂိုးသမားရဲ့ ညာဘက် ထောင့်ထဲကို ကန်သွင်းယူနိုင်ခဲ့လို့ အင်္ဂလန်အသင်း ၃ ဂိုးအသာနဲ့ အနိုင်ရနေပါတယ်။
ပွဲချိန် ၆၉ မိနစ်မှာတော့ ဟယ်ရီကန်းဖျက်ထုတ်ာကြမ်းလို့ မက္ကဆီကိုအသင်း ပင်နယ်တီရပြီး အာရ် ဟီမင်းနက်ဇ်က ကန်သွင်းရာမှာ ဂိုးဝင်သွားလို့ မက္ကစီကိုအသင်း ဒုတိယ ချေပဂိုး ထပ်ရသွားပါတယ်။
ပွဲချိန် မိနစ် ၉၀ နဲ့ နာကျင် အချိန်ပိုအထိ တဖက်နဲ့ တဖက် ဂိုးထပ်မသွင်းနိုင်ခဲ့လို့ ပွဲအပြီးမှာ အင်္ဂလန်အသင်း အနိုင်ရပြီး ပူးတွဲအိမ်ရှင် မက္ကဆီကိုအသင်းကတော့ ပြိုင်ပွဲကနေ ထွက်သွားရပြီဖြစ်ပါတယ်။
ပွဲစဉ်ဟာ မိုးသက်မုန်တိုင်းကြောင့် ကွင်းအတွင်း လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းတို့ ဖြစ်ပွားခဲ့လို့ မူလအချိန်ထက် ၁ နာရီ နောက်ကျပြီးမှ စတင်ကစားနိုင်ခဲ့တာ ဖြစ်ပြီး ပရိသတ် ၈၀,၀၀၀ ကျော် လာရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။
ဒီပွဲမှာ အနိုင်ရတဲ့ အင်္ဂလန်အသင်းဟာ ဇူလိုင် ၁၁ ရက်မှာ နော်ဝေအသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။










