
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ကိုရောက်နေတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက နေရပ်ပြန်လွှတ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စုထဲကိုရောက်နေတဲ့ စစ်ဘေးရှောင်တွေအပါအဝင် စစ်ဘေးရှောင်တွေကို အခု မတ်လကုန်နောက်ဆုံးထား နေရပ်ပြန်ကြဖို့ စစ်ကောင်စီခန့် မြို့အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက နှင်လွှတ်နေတာလို့ ဆိုပါတယ်။
ပုသိမ်မြို့နယ်က စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူတယောက်က “အခုလကုန် နေရပ်ပြန်ကြဖို့ ပြောတာ။ ရွှေသောင်ယံဘက်မှာ တည်ငြိမ်နေပြီ၊ ပြန်လို့ရပြီလို့ပြောပါတယ်။ အစည်းအဝေးမှာလည်း ပြောတယ်။ နှုတ်နဲ့လည်း လိုက်ပြောတယ်” လို့ ပြောပါတယ်။
ငွေဆောင်မြို့ကိုရောက်နေတဲ့ စစ်ဘေးရှောင်တွေဟာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်တာကြောင့် ရောက်ရှိနေတာဖြစ်ပြီး ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေလည်း ပါဝင်ပြီး စစ်ဘေးရှောင်နေရတာ အချိန်အားဖြင့် ၁ နှစ်နီးပါး ရှိနေပြီလို့သိရပါတယ်။
စစ်ဘေးရှောင် မိသားစုဝင်တယောက်က “တိုက်ပွဲတွေက ကြိုကြား ကြိုကြား ဖြစ်နေတော့ မပြန်ရဲလို့ မပြန်ကြဘဲ ခိုကပ်နေနေကြတာ။ ကိုယ့်အိမ်ကိုယ်ယာကို ပြန်ချင်တာပေါ့။ ပြန်လွှတ်တာတော့ ဟုတ်ပါတယ်။ မပြန်ရင် အရေးယူမယ်၊ ဖမ်းမယ်လို့တော့ မပြောသေးဘူး” လို့ ပြောပါတယ်။
ငွေဆောင်မြို့ကိုရောက်နေတဲ့ စစ်ဘေးရှောင်တွေဟာ ရွှေသောင်ယံမြို့ထဲက မကျည်းစင်၊ ဘောမိ စတဲ့ ကျေးရွာအုပ်စုတွေထဲက စစ်ဘေးရှောင်တွေနဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကနေလာတဲ့ စစ်ရှောင်တွေဖြစ်ပြီး လူဦးရေ ထောင်ချီရှိနေတယ်လို့ သိရပါတယ်။
ပြန်လွှတ်ခံရတဲ့ စစ်ဘေးရှောင်တွေရဲ့ ဒေသတွေမှာ လတ်တလောအနေနဲ့ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ မကြာခဏ တိုက်ပွဲဖြစ်နေတယ်လို့ဒေသခံတွေဆီက သိရပါတယ်။











