
ဂျပန်နိုင်ငံတောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၁ ရှိတဲ့ ငလျင် လှုပ်ခတ်ပြီးတဲ့နောက် ဂျပန်ဝန်ကြီးချုပ် စာနာအဲ တာခါ့အိချီက ကူမာမိုတိုစီရင်စုမှာရှိတဲ့ ဒေသခံတွေ ဘေးလွတ်ရာရွှေ့ဖို့နဲ့ သတိရှိရှိနေကြဖို့ တိုက်တွန်းပါတယ်။
ဂျပန်နိုင်ငံတောင်ပိုင်း ကျူရှူးကျွန်းက ဒေသထဲမှာ နောက်ဆက်တွဲငလျင်တွေ ဆက်လှုပ်နေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီဖို့ စစ်သားရာပေါင်းများစွာကို စေလွှတ်ထားပါတယ်။
ဝန်ကြီးချုပ်က အရေးပေါ်ဘေးအန္တရာယ် တုံ့ပြန်ရေးအထူးအဖွဲ့ကို စဖွဲ့စည်းခဲ့ပြီး ဘေးလွတ်ရာဆီ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ နောက်ဆက်တွဲ ငလျင်တွေနဲ့ ဆူနာမီသတိပေးချက်တွေကြောင့် ကျူရှူးကျွန်းမှာ တပ်လှန့်ထားပါတယ်။
ငလျင်လှုပ် ပြီးတဲ့နောက် အာရီအာကီနဲ့ ယာဆူရှီရို ပင်လယ်ပြင်တွေမှာ ၃ ဒသမ ၂၈ ပေရှိတဲ့ လှိုင်းလုံးကြီးတခုအတွက် ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။
ငလျင်ကြောင့် ကနဦးမှာ လူ ၂ ယောက် သေဆုံးပြီး ဒါဇင်ချီတဲ့လူတွေ ဒဏ်ရာရထားတယ်၊ နောက်ထပ် လူအများအပြား ပျောက်နေတယ်လို့ ဂျပန်မီဒီယာတွေမှာ ဖော်ပြပါတယ်။
ခုမာ့မိုတိုခရိုင်ရဲ့ အကြီးဆုံး ဈေးဝယ်စင်တာတခုမှာ ငလျင်ကြောင့် ပေါက်ကွဲမှုဖြစ်အပြီး အလုပ်သမား အယောက် ၃၀ လောက် ပျောက်နေတယ်လို့ ဒေသခံ မီဒီယာ NHK ကသတင်း ထုတ်ပါတယ်။
ဆေးရုံတရုံမှာ လူနာ ၅၀ လောက် ရောက်နေပြီး တခြားဆေးရုံတရုံမှာတော့ အသည်းအသန် ဖြစ်နေတဲ့ လူနာ ၁၀ ယောက်အပါအဝင် လူနာ အယောက် ၄၀ ရောက်နေတယ်လို့ NHKက ဆက်ပြောပါတယ်။
မြန်နှုန်းမြင့် ရထား တစီး ငလျင်ကြောင့် လမ်းချော်လို့ လူအတော်များများ ဒဏ်ရာရခဲ့ပါတယ်။ စီရင်စုထဲမှာ အိမ်ထောင်စု ၄၈,၀၀၀ လောက် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့တယ်လို့ ဒေသခံ မီးသတ်ဌာနနဲ့ လျှပ်စစ်ကုမ္ပဏီက ပြောပါတယ်။
ရထားဝန်ဆောင်မှုတွေ ရပ်တန့်ကုန်ပြီး ဂျပန်အစိုးရက ဂျပန်နိုင်ငံ တောင်ပိုင်း ကျူရှူးကျွန်းပေါ်က ခုမာ့မိုတို၊ နာဂါဆာကီ၊ ကာဂိုရှီးမား၊ ဖူကူအိုကာ၊ ဆာဂါ၊ အိုအီတာနဲ့ မီယာဇာခိ စီရင်စုတွေအတွက် အရေးပေါ် ငလျင် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
အင်အားပြင်းငလျင်ကြောင့် အိမ်ခြေထောင်ပေါင်းများစွာ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပြီး လမ်းတွေ၊ တံတားတွေ အက်ကွဲပျက်စီးကုန်ပါတယ်။
ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခြင်းအပါအဝင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ အရေးယူဆောင်ရွက်ဖို့ လူတိုင်းကို တောင်းဆိုပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
လူ့အသက်တွေကို အရာအားလုံးထက် ဦးစားပေးသွားမယ်လို့လည်း သူက ထပ်ပြောပါတယ်။ လူပေါင်း ၃ သိန်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းရေးစင်တာဆီသွားဖို့ ညွှန်ကြားထားပြီးပါပြီ။
အာဏာပိုင်တွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက အသေအပျောက်ရှိခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးဆုံးရှုံး ခဲ့တဲ့ ဒေသထဲမှာ ခုတခါထပ်လှုပ်တဲ့ ငလျင်ကြောင့်ဖြစ်တဲ့ ပျက်စီးဆုံးရှုံးမှုပမာဏ အပြည့်အစုံကို အကဲဖြတ်နေတုန်းပဲလို့ ဂျပန်ဝန်ကြီးချုပ်က တိုကျိုမြို့တော်မှာ ကျင်းပတဲ့ အရေးပေါ်ဘေးအန္တရာယ် တုံ့ပြန်ရေး အထူးအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်က ကူမာမိုတိုမှာ ငလျင်ကြီးကြောင့် လူ ၂၇၅ ယောက် သေဆုံးပြီး နောက်ထပ် ၂,၇၃၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ တရားဝင် စာရင်းတွေက ဆိုထားပါတယ်။
Source:Reuters










