
ကမ္ဘာ့အကြီးဆုံး လူတူစက်ရုပ်ထုတ်လုပ်တဲ့ Unitree ကုမ္ပဏီဟာ လူသားတွေထက် အစွမ်းထက်တဲ့ “စူပါမန်း” လို့ နာမည်ပေးထားတဲ့ အမြန်နှုန်းမြင့် စက်ရုပ်သစ်ကို ဩဂုတ် ၁၇ ရက်က မိတ်ဆက် လိုက်ပါတယ်။
ခြေထောက်အရှည် သုည ဒသမ ၈၅ မီတာပဲရှိတဲ့ ဒီစက်ရုပ်ဟာ မတ်တပ်ရပ်နေရင်းကနေ အမြင့် ၂ မီတာအထိ ခုန်နိုင်ပါတယ်။
ဒါ့အပြင် သူဟာ တစက္ကန့်ကို ၁၂ ဒသမ ၆၆ မီတာ အမြန်နှုန်းနဲ့ ပြေးနိုင်တာပါ။ ဒီစွမ်းဆောင်ရည်ဟာ "လူသားတွေရဲ့ စွမ်းဆောင်နိုင်မှု အကန့်အသတ်ကို ကျော်လွန်တာ” ဖြစ်တယ်လို့ Unitree က ကြေညာထားပါတယ်။
စူပါမန်းစက်ရုပ်သစ်ကို အချိန် ၃ လကျော်လောက်ပဲ အသုံးပြုပြီး တီထွင်ခဲ့တာပါ။ ဒါပေမဲ့ ဒီစက်ရုပ်ဟာ အပြီးသတ်မဟုတ်သေးပဲ လာမဲ့လတွေမှာ ထပ်ပြီး အဆင့်မြှင့်တင်သွားမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
Unitree ရဲ့ လူတူစက်ရုပ်တွေဟာ ပြေးတာ၊ ကတာနဲ့ ကိုယ်ခံပညာလှုပ်ရှားမှုတွေ လုပ်ပြ နိုင်တာကြောင့် ကမ္ဘာတဝန်း စိတ်ဝင်စားမှု ရရှိထားတာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လအထိ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နိုင်တဲ့ လူတူစက်ရုပ် အကောင်ရေ ၁၈,၀၀၀ ခန့် ထုတ်လုပ် ဖြန့်ဖြူးထားပြီး ဖြစ်ပါတယ်။
Unitree ကုမ္ပဏီဟာ ပြီးခဲ့တဲ့အပတ်က ကနဦး ရှယ်ယာရောင်းချမှုကနေ အမေရိကန်ဒေါ်လာ ၉၀၅ သန်း ရရှိခဲ့ပါတယ်။
ကုမ္ပဏီဟာ လာမဲ့ ဩဂုတ် ၁၉ ရက်မှာ ရှန်ဟိုင်းစတော့ဈေးကွက်ကို စတင်ဝင်ရောက်မှာဖြစ်ပြီး ဒီအချိန်ဟာ ပေကျင်းမြို့က ကမ္ဘာ့စက်ရုပ်ညီလာခံ စတင်ကျင်းပချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
Source:Reuters











