
ကျူးဘားနိုင်ငံနဲ့ ဆက်နွှယ်တယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ်ကုမ္ပဏီ ၂ ခုအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူထားတဲ့အပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး မှားယွင်းတဲ့ လုပ်ရပ်တွေကို အမြန်ဆုံးပြင်ဆင်ဖို့ အမေရိကန်ကို တိုက်တွန်းတယ်လို့ တရုတ်စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနက တရုတ်ကုမ္ပဏီ ၂ ခုကို ပိတ်ဆို့အရေးယူမယ်လို့ ကြာသပတေးနေ့မှာ ကြေညာပြီးတဲ့နောက် နိုဝင်ဘာ ၇ ရက်မှာ တရုတ် စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ တရားဝင် ကြေညာချက် ထွက်ပေါ်လာတာပါ။
ဒါက နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ အခြေခံစံနှုန်းတွေကို ချိုးဖောက်ရာရောက်ပြီး တရုတ်နိုင်ငံအနေနဲ့ ဒီလုပ်ရပ်ကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ပါတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ကျူးဘားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အမေရိကန်က တရုတ်ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူတဲ့ ပထမဆုံးအကြိမ် ဖြစ်နိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အမေရိကန်ဟာ မကြာသေးမီကာလအတွင်း တရုတ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူတာတွေနဲ့ ဖိနှိပ်မှုတွေကို ပိုတိုးမြှင့်လုပ်ဆောင်လာခဲ့ပြီး ခွဲခြားဆက်ဆံမှုနဲ့ ကန့်သတ်ချက်တွေပါတဲ့ အစီအမံတွေကို ဆက်တိုက် ချမှတ်အကောင်အထည်ဖော်နေတာပါ။
ဒီလုပ်ရပ်တွေက တရုတ်ကုမ္ပဏီတွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို အပြင်းအထန် ထိခိုက်စေရုံသာမက နှစ်နိုင်ငံ ခေါင်းဆောင်တွေအကြား ရထားတဲ့ အရေးကြီးတဲ့ သဘောတူညီချက်တွေနဲ့ ဆန့်ကျင်နေပြီး တရုတ်-အမေရိကန် စီးပွားရေးနဲ့ ကုန်သွယ်ရေး ဆက်ဆံမှုတွေရဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။
တရားဝင် အခွင့်အရေးတွေနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်ပိုင်ခွင့်ကိုလည်း တရုတ်နိုင်ငံက ဆက်ထိန်းသိမ်းထားတယ်လို့ ကြေညာချက်ထဲ ထပ်လောင်းဖော်ပြထားပါတယ်။
Source: Reuters
Photo: CCTV/ Reuters











