
တရုတ်စက်ရုပ်ကုမ္ပဏီ Unitree ဟာ ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေး လူသားစက်ရုပ်ကို အောက်တိုဘာ ၂၁ ရက်က ပြသခဲ့ပါတယ်။
H2-X လို့ခေါ်တဲ့ ဒီစက်ရုပ်ဟာ ကာကွယ်စောင့်ရှောက်သူ တယောက်လို သိုင်းပညာတတ်ကျွမ်းပြီး အရေးအခြေအနေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
ကုမ္ပဏီက ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းတွေမှာ ဒီစက်ရုပ်ဟာ ပိုင်ရှင်ကို အန္တရာယ်တွေကြားကနေ ကယ်တင်တာ၊ လက်နှစ်ဖက်နဲ့ ကားကို မပြတာတွေ၊ အန္တရာယ်နဲ့ကြုံချိန် အရေးပေါ်အခြေအနေမှာ ကယ်တင်တာတွေ လုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒီလူသားစက်ရုပ်ဟာ လျင်မြန်ဖျတ်လတ်တဲ့ လှုပ်ရှားနိုင်စွမ်း၊ ခွန်အားအသုံးပြုနိုင်စွမ်းနဲ့ ၄ မီတာအမြင့်က ခုန်ချနိုင်စွမ်း စတဲ့ စွမ်းဆောင်ရည်ကောင်းတွေ ရှိတယ်လို့ မိတ်ဆက်ခဲ့ပါတယ်။ ဒီစက်ရုပ်ရဲ့ အဓိက အဆင့်မြှင့်တင်မှုက ခံနိုင်ရည်ရှိမှုပဲ ဖြစ်ပါတယ်။
H2-X အမျိုးအစားစက်ရုပ်မှာ ဘယ်ထရီသက်တမ်းက ၈ နာရီအထိ အသုံးပြုနိုင်ပြီး H2 မော်ဒယ်တုန်းက ၃ နာရီသာ အသုံးပြုနိုင်ခဲ့တာထက် ပိုပြီး တိုးတက်လာပါတယ်။
Unitree ဟာ ဒီနှစ်ထဲမှာ လူသားစက်ရုပ်တွေ တိုးချဲ့ထုတ်လုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ လူသားစက်ရုပ်တွေကို အလှပြရုံ၊ အားကစားလုပ်ပြရုံတင် မဟုတ်ဘဲ လုံခြုံရေးနဲ့ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ အာရုံစိုက်လာတာ ဖြစ်ပါတယ်။
Source: Reuters











