
ဂျာမနီနိုင်ငံမှာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတယောက်ကို မဖွယ်မရာ ပွတ်သပ် ကိုင်တွယ် ခဲ့တယ်ဆိုတဲ့ စက်ရုပ်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းပြီး စက်ရုပ်ပိုင်ရှင်နဲ့ အဖော်ဖြစ်သူကို စုံစမ်းစစ်ဆေး နေပါတယ်။
အောက်တိုဘာ ၁၀ ရက် ညသန်းခေါင်နီးမှာ ကိုလုံးမြို့လယ်က အမြန်စားသောက်ဆိုင်တခုရှေ့မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။
အဲဒီစက်ရုပ်ဟာ သူငယ်ချင်းတွေနဲ့အတူ ရှိနေတဲ့ မိန်းကလေးရဲ့ နောက်ကနေ ချဉ်းကပ်ပြီး တင်ပါးကို ကိုင်တွယ်ခဲ့သလို မဖွယ်မရာ အမူအရာတွေ လုပ်ပြခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မိန်းကလေး က အော်ဟစ်ပြီး စက်ရုပ်အနားကနေ ထွက်ပြေးခဲ့ပါတယ်။
အနီရောင်နဲ့ ရွှေရောင်ခြယ်ထားတဲ့ အဲဒီစက်ရုပ်ဟာ အမြင့် ၄ ပေနီးပါးရှိပြီး နှုတ်ခမ်းမွေးတု၊ ရွှေဆွဲကြိုးနဲ့ အင်္ကျီအဖြူ ဝတ်ဆင်ထားပါတယ်။
စက်ရုပ်ပိုင်ရှင် အသက် ၁၆ နှစ်အရွယ် လူငယ်နဲ့ သူ့ရဲ့အဖော် အသက် ၁၉ နှစ်အရွယ် အမျိုးသား တို့ဟာ ဖြစ်ရပ်ကို လူမှုကွန်ရက်ပေါ် တိုက်ရိုက်ထုတ်လွှင့်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။
ရဲတပ်ဖွဲ့ဟာ သူတို့နှစ်ယောက်ကို အနီးအနားမှာ ရှာတွေ့ခဲ့ပြီး ကားနောက်ဖုံးထဲမှာ ဝှက်ထားတဲ့ စက်ရုပ်ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။
သံသယရှိသူ ၂ ယောက်ရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း သက်သေအဖြစ် သိမ်းဆည်းထားပါတယ်။
စက်ရုပ်ကို တစုံတယောက်က ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ခဲ့တာလား၊ ကြိုတင်သတ်မှတ်ထားတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တာလား ဆိုတာ ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။
ကိုလုံးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “ဒီလိုဖြစ်ရပ်မျိုးကို အရင်က မကြုံဖူးပါဘူး” လို့ ပြောပါတယ်။
Source:Reuters











