
ဂျာမနီနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဆက်တိုက် ဖောက်ခွဲဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သံသယရှိထားတဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသားတယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ အစိုးရရှေ့နေတွေက စက်တင်ဘာ ၈ ရက်မှာ ပြောပါတယ်။
ဂျာမနီရဲ့ သီးသန့်လွတ်လပ်ခွင့် စည်းမျဉ်းတွေအတိုင်း ဒန်နီရယ် ဗွီလို့ အမည်ဖော်ပြထားတဲ့ အဲဒီ သံသယရှိသူကို ကိုလုံးန်မြို့ အနောက်ဘက် ၅၀ ကီလိုမီတာ (မိုင် ၃၀) အကွာ နော့သ်ရိုင်း -ဝက်စ်ဖာလီယာပြည်နယ်၊ ဗိုက်စ်ဗိုင်လာ ဓာတ်အားပေးစက်ရုံအနီးရှိ ဓာတ်အားခွဲရုံတခု အနီးမှာ ဖမ်းဆီးရမိခဲ့တာပါ။
ရဲတပ်ဖွဲ့ဟာ နော့သ်ရိုင်း-ဝက်စ်ဖာလီယာ၊ ဆက်ဆွန်နီနဲ့ ဘရန်ဒန်ဘာ့ဂ်ပြည်နယ်ရှိ ယဲန် ရှဗာလ်ဒေ ဒေသတွေမှာရှိတဲ့ လျှပ်စစ်ဓာတ်အားခွဲရုံတွေကို တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံထားတဲ့ စာတွေကို အာဏာပိုင်တွေနဲ့ မီဒီယာတွေဆီ ပေးပို့ခဲ့ပြီးနောက် အပြင်းအထန် လိုက်လံရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။
သံသယရှိသူဟာ ဖမ်းဆီးခံရချိန်မှာ ထပ်မံဖောက်ခွဲဖို့ ဖန်တီးထားတဲ့ ကိရိယာတွေကို သယ်ဆောင် လာခဲ့ပြီး ပြန်လည်ခုခံတာမျိုး မရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒါ့အပြင် အနီးနားက တဲတလုံးထဲမှာလည်း တခြားဖောက်ခွဲရေးပစ္စည်း အစိတ်အပိုင်းတွေကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ အင်္ဂါနေ့က အခင်းဖြစ်ပွားရာနေရာမှာ ဆက်လက်ရှိနေခဲ့ကြပြီး သက်သေ အထောက်အထားတွေ စုဆောင်းတာ၊ ပတ်ဝန်းကျင်ဧရိယာမှာ တခြားဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။
သံသယရှိသူဟာ ကျောက်မီးသွေးနဲ့ ရေနံလို ရုပ်ကြွင်းလောင်စာတွေ သုံးစွဲတာကို ဆန့်ကျင်ပြီး ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေးကို အကြောင်းပြကာ တိုက်ခိုက်ခဲ့တာ ဖြစ်တာကြောင့် အာဏာပိုင်တွေက အဲဒီအမှုကို "ရာသီဥတုဆိုင်ရာ အကြမ်းဖက်မှု" အဖြစ် အဓိကထား စုံစမ်း စစ်ဆေးနေပါတယ်။
လက်ရှိအချိန်ထိတော့ သံသယရှိသူဟာ တယောက်တည်း သီးခြားဆောင်ရွက်ခဲ့တာလို့ ယူဆရပြီး တခြားကူညီသူတွေ ရှိတယ်ဆိုတဲ့ အထောက်အထားတွေ မတွေ့ရသေးပါဘူး။
ဖြစ်စဉ်တွေအပြီးမှာ ဂျာမနီ ပြည်ထဲရေးဝန်ကြီးဌာနဟာ လျှပ်စစ်ဓာတ်အားလိုင်းများ လုံခြုံရေး အတွက် CCTV စောင့်ကြည့် ဗီဒီယိုကင်မရာတွေနဲ့ ဒရုန်းရန်ကာကွယ်ရေးစနစ်တွေ တပ်ဆင်ဖို့ ဥပဒေကြမ်းမှာ ထည့်သွင်းဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
Source: Reuters










