DVB Logo
Home
နိုင်ငံတကာ
ဆယ်ကျော်သက် လက်ယာအစွန်းရောက်အဖွဲ့ကို ဂျာမန်ရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
May 23, 2025
ဆယ်ကျော်သက် လက်ယာအစွန်းရောက်အဖွဲ့ကို ဂျာမန်ရဲတပ်ဖွဲ့ ဖမ်းဆီး
Donate to DVB

ဂျာမန်အာဏာပိုင်တွေဟာ မေ ၂၁ ရက်က လက်ယာစွန်း စစ်သွေးကြွအဖွဲ့ကို ဖြိုခွင်းလိုက်ပြီး ဆယ်ကျော်သက် လူငယ် ၅ ယောက်ကိုလည်း လူသတ်မှုကျူးလွန်ဖို့ ကြိုးပမ်းမှု၊ ပြင်းထန်စွာ မီးရှို့မှုတို့နဲ့ ဖမ်းဆီး တရားစွဲဆိုခဲ့ကြောင်း ဂျာမန်ပြည်ထဲရေးဝန်ကြီး အလက်ဇန္ဒာ ဒိုဘရင့်ထ်က အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒီဖမ်းဆီးမှုတွေဟာ ရပ်ရွာစင်တာနဲ့ ဒုက္ခသည်ဂေဟာတွေမှာ မီးရှို့မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ အရေးယူ ဆောင်ရွက်ခဲ့တာပါ။

ဂျာမန်ပြည်ထဲရေးဝန်ကြီး ဒိုဘရင့်ထ်က “လက်ယာစွန်းရောက် အတွေးအခေါ်ရှိတဲ့ လူငယ်တွေဟာ အရင်တုန်းက ပူးတွဲ မီးရှို့တိုက်ခိုက်မှုတွေကို ကျူးလွန်ထားဖူးပြီး ခိုလှုံခွင့်တောင်းခံသူတွေကို မီးရှို့တိုက်ခိုက်ပြီး နောက်ထပ်လည်း မီးရှို့တိုက်ခိုက်မှုတွေလုပ်ဖို့ သဘောတူထားတဲ့အပြင် သတ်ပစ်ဖို့တောင် စီစဉ်ထားကြတာ” လို့ ပြောပါတယ်။

အခုလူငယ်တွေက နယ်ပယ်ကျဉ်းသေးပေမဲ့ အလွန်ပြင်းထန်တဲ့ လက်ယာစွန်း အတွေးအခေါ် လွှမ်းမိုးမှု ရှိနေကြောင်းနဲ့ သူတို့က အစွန်းရောက်တွေဖြစ်လာပြီး ပူးတွဲအကြမ်းဖက် တိုက်ခိုက်မှုတွေကို လုပ်ဆောင်ဖို့လည်း အသင့်ဖြစ်နေကြပြီလို့ ဆိုပါတယ်။

ဒီနေ့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးကြောင့် နောက်ထပ် မီးရှို့တိုက်ခိုက်မှုတွေ မဖြစ်အောင် တားဆီးနိုင်ခဲ့ပြီလို့လည်း ပြောကြားပါတယ်။

သူတို့ ၅ ယောက်ဟာ ဂျာမနီနိုင်ငံကို ကာကွယ်စောင့်ရှောက်မယ့် နောက်ဆုံးလှိုင်းအဖွဲ့လို့ သူတို့ဘာသာ အမည်ပေး အုပ်စုဖွဲ့ထားတဲ့ အရွယ်မရောက်သေးသူ အပြစ်သားတွေဖြစ်တယ်လို့ ဖက်ဒရယ်အစိုးရရှေ့နေတွေက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်မှာ ရွှေ့ပြောင်းအခြေချသူတွေနဲ့ နိုင်ငံရေးပြိုင်ဘက်တွေအပေါ် အဓိကရုဏ်းတွေ ကျူးလွန်ဖို့ဖြစ်ပြီး ဂျာမနီရဲ့ ဒီမိုကရက်တစ်စနစ် ပြိုလဲသွားစေဖို့ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူတို့ဟာ ကွန်ရက်ချိတ်ဆက်မှု အလွန်မြင့်မားပြီး ဖက်ဒရယ်ပြည်နယ်အသီးသီးရှိ လူတွေဖြစ်ကြတယ်လို့လည်း ပြည်ထဲရေးဝန်ကြီး ဒိုဘရင့်ထ်က ဆိုပါတယ်။

သူတို့ ၅ ယောက်ထဲက ၂ ယောက်ဟာ အရှေ့ပိုင်း ဘရန်ဒန် ဘာ့ဂ် ပြည်နယ်မှာ အောက်တိုဘာလအတွင်းက ယဉ်ကျေးမှုအသိုက်အဝန်းစင်တာတခုကို မီးရှို့မှု ကျူးလွန်ခဲ့တယ်လို့ ယူဆရပါတယ်။ သူတို့အဖွဲ့ဟာ ၈ ယောက်အုပ်စု ဖြစ်ပြီး ၃ ယောက်က အရင်အဖမ်းခံထားရပါတယ်။

အရင်အဖမ်းခံထားရတဲ့ အုပ်စုဝင်ထဲက ၂ ယောက်ကလည်း ဇန်န၀ါရီလတုန်းက ဆက်ခ်ဆနီ ပြည်နယ်ရှိ ရွှေ့ပြောင်းအခြေချစခန်းက ပြတင်းပေါက်ကို ဖောက်ထွင်းပြီး မီးရှူးမီးပန်းတွေ ပစ်လွှတ်ခဲ့မှုတွေနဲ့ စွပ်စွဲခံထားရပါတယ်။

ဒေသတွင်း နယ်မြေ ၅ ခုက နေအိမ်တွေမှာ သူတို့ ၅ ယောက်ကို ရှာဖွေဖမ်းဆီးရေးလုပ်ရာမှာ ရဲတပ်ဖွဲ့ဝင် ၂၂၀ ကျော် ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျာမနီမှာ နိုင်ငံရေးအရ လှုံ့ဆော်တဲ့ ရာဇ၀တ်မှုတွေဟာ မနှစ်က ၄၀ ရာခိုင်နှုန်းလောက်အထိ စံချိန်တင် မြင့်တက်လာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပြီး လက်ယာစွန်း အကြမ်းဖက်မှုက သိသိသာသာ ကြီးထွားလာကြောင်းလည်း သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013