
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကျွဲကျောင်းမင်ဆေးပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
ကျွဲကျောင်းမင်ဆေးပင်ကို သိပ္ပံလို Euphorbia hirta လို့ခေါ်ပြီး အင်္ဂလိပ်လို asthma weed, asthma plant,pillpod spurge လို့ခေါ်ကြပါတယ်။
ကျွဲကျောင်းမင်ဆေးပင်မှာ afzelin, quercitrin, myricitrin, rutin, gallic acid, quercitin, euphorbin-A, ephorbin-B, euphorbin-C, euphorbin-D, β-amyrin, 24-methylenecycloartenol, β-sitosterol, heptacosane, n-nonacosane, shikmic acid, tinyatoxin, choline, camphol, quercitol derivatives containing rhamnose, chtolphenolic acid, kaempferol, protocatechuic acid, စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပါတယ်။
ဒါ့အပြင် ကျွဲကျောင်းမင်ဆေးပင်ဟာ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကိုဆန့်ကျင်ခြင်း၊ အကိုက်အခဲ ပျောက်ဆေးအာနိသင်ရှိခြင်း၊ ပိုးသတ်ဆေး/ မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ အူလမ်းကြောင်း ကပ်ပါးပိုးကို ဆန့်ကျင်ခြင်း၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး၊ နို့ထွက်စေခြင်း၊ ပန်းနာရင်ကျပ်ကို ဆန့်ကျင်ခြင်း၊ ဝမ်းလျောဝမ်းပျက်ကို ဆန့်ကျင်ခြင်း၊ မျိုးပွားမှုကို ဆန့်ကျင်ခြင်း၊ အစာလမ်းကြောင်းကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ သွေးတိုးကျစေခြင်း၊ သွေးတွင်းသကြား ဓာတ်ကိုထိန်းညှိပေးခြင်း၊ အနာကျက်စေခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ ကင်ဆာကို ဆန့်ကျင်ခြင်းစတဲ့ အစွမ်းအနိသင်ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ကျွဲကျောင်းမင်ဆေးပင် တပင်လုံး (ပဥ္စငါးပါး)ကို သုံးစွဲကြပါတယ်။
အပင်ပြုတ်ရည်ကို ပန်းနာရင်ကြပ်နဲ့ တခြားနာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမှာ ကျွဲကျောင်းမင်ဆေးပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်သုံးနိုင်ပါတယ်။ အအေးမိခြင်း၊ လည်ချောင်းနာခြင်း၊ ပန်းနာရင်ကျပ်နဲ့ ချောင်းဆိုးခြင်း လက္ခဏာတွေကိုလည်း သက်သာစေပါတယ်။
သွေးဝမ်းသွားခြင်းအတွက် အပင်သတ္တုရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဝမ်းလျောဝမ်းပျက်၊ ဝမ်းကိုက်နဲ့ ဗိုက်နာခြင်းတွေမှာ အပင်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆီးအနည်ထိုင်ခြင်းနဲ့ ဆီးလမ်းကြောင်းဆိင်ရာ ပြဿနာတွေမှာ အပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တခွက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
သွေးတိုးရောဂါမှာ အပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တခွက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။ ဆီးချိုရောဂါမှာ အပင်မှုန့် ကော်ဖီ ၁ ဇွန်း တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။ မျက်ခမ်းစွန်ခြင်းအတွက် ပင်စည်အစေးရည်ကို လိမ်းပေးနိုင်ပါတယ်။ ရောင်ရမ်းခြင်းနဲ့ သွေးစုနာများအတွက် အရွက်ကိုထုထောင်းပြီး အုံပေးနိုင်ပါတယ်။
အရေပြားရောင်ရမ်းခြင်း၊ နီမြန်းခြင်းနဲ့ အဖုအပိမ့်ထွက်ခြင်းတို့အတွက် အရွက်ကို ထုထောင်းပြီး လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။ အပင်ခြောက်ပြုတ်ရည်ကို အရေပြားရောဂါတွေမှာ ဖန်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
ခြေဖဝါးယားယံခြင်းအတွက် အရွက်ကို နနွင်းမှုန့်နဲ့ ရောထောင်းပြီး အုန်းဆီကိုအပူပေးပြီး ရောနယ်ကာ ခြေဖဝါးပေါ် နွေးနွေးလေး လိမ်းပေးနိုင်ပါတယ်။ အစေးကို အောက်မျက်ခမ်းပေါ် လိမ်းပေးခြင်းဖြင့် မျက်လုံးအနာများကို ပျောက်ကင်းစေပါတယ်။
နို့တိုက်မိခင်တွေ အမြစ်ပြုတ်ရည် /အပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ပျားရည် ကော်ဖီ ၁ ဇွန်း နဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းဖြင့် နို့ထွက်နှုန်းကို တိုးစေပါတယ်။
အစေးကို ပွေးယားနာမှာ လိမ်းပေးနိုင်ပါတယ်။ ဆီးပူညောင်းကျရောဂါနဲ့ ဆစ်ဖလစ်-ကာလသားရောဂါတွေအတွက် အမြစ်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။ အနာတွေကို ပြုတ်ရည်နဲ့ ဖန်ဆေးပေးနိုင်ပါတယ်။
အမျိုးသားတွေ လိင်ပိုင်းဆိုင်ရာ အားနည်းခြင်းအတွက် အမြစ်မှုန့် ကော်ဖီ ၁ ဇွန်းကို နွားနို့ ၁ ခွက်နဲ့ ညအိပ်ရာဝင်ချိန် သောက်သုံးပေးခြင်းဖြင့် ပန်းသေခြင်းနဲ့ အချိန်မတိုင်မီ သုက်လွှတ်ခြင်းတို့ကို သက်သာစေပါတယ်။
မှက္ခရုနာမှာ အပင်လတ်လတ်ဆတ်ဆတ် ပြုတ်ရည်ကို ပလုတ်ကျင်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ခံတွင်းအနာမှာ အမြစ်ပြုတ်ရည်ကို ပလုတ်ကျင်းခြင်းဖြင့် ပါးစပ်အနာတွေကို သက်သာစေပါတယ်။ သွားကိုက်ခြင်းနဲ့ သွားဖုံးရောင်ရမ်းခြင်းတို့ကိုလည်း သက်သာစေပါတယ်။
ကင်းမြီးကောက်ကိုက်ခြင်းအတွက် အပင်ကို ထုထောင်းပြီး အုံပေးခြင်းဖြင့် အဆိပ်တက်ခြင်းကို သက်သာ စေပါတယ်။
ဆေးဝါးလက်လှမ်းမမီတဲ့နေရာမှာ မြွေကိုက်ခံရပါက ကျွဲကျောင်းမင်ဆေးပင်အမြစ် လက်တဆုပ်စာလောက်ကို ရေနဲ့ ၁၀ မိနစ်ခန့် ပြုတ်ပါ။ ပြုတ်ရည်ကို အအေးခံပြီး တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို နာရီဝက်ခြား တခါ ၃ ကြိမ် တိုက်ပါ။ ထို့နောက် ၁ နာရီခြား တခါ ၃ ကြိမ်၊ ၂ နာရီခြား တခါ ၃ ကြိမ်၊ ၃ နာရီခြား တခါ ၃ ကြိမ် စသဖြင့် ဂရုတစိုက် တိုက်ကျွေးပြုစုပါ။ ဒဏ်ရာကို ဆေးကြောပြီး အပင်ကို ထုထောင်းကာ အုံပေးပြီးနောက် ၃ နာရီခြားတခါ လဲလှယ်ပြီး အသစ်ထပ်အုံပေးပါ။ အဆိပ်ကို လျော့ချပေးတာကြောင့် အသက်အန္တရာယ်ဖြစ်နိုင်ခြေကို လျော့ချပေးနိုင် ပါတယ်။
ကျွဲကျောင်းမင်ဆေးပင်ကို လက်ဖက်ခြောက်ပြုလုပ်ပြီး ရေနွေးကြမ်းအသင့်အတင့် သောက်သုံးပေးခြင်းဖြင့် ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေကို လျော့ပါးစေခြင်း၊ သွေးသန့်စင်ခြင်း၊ သွေးတိုး၊ ဆီးချို၊နှလုံး ရောဂါနဲ့ နာတာရှည်ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့ချပေးခြင်း၊ အသားအရေကျန်းမာရေးကို မြှင့်တင်ပေးခြင်း ၊ကင်ဆာ ဖြစ်ပွားနိုင်ခြကို လျော့ပါးစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။
ကျွဲကျောင်းမင်ဆေးပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံသုံးစွဲခြင်းကြောင့် အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ မအီမသာဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လေချုပ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
ကျွဲကျောင်းမင်ဆေးပင်နဲ့ ဓာတ်မတည့်သူတွေမှာ ပျို့ခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ရင်ပူခြင်း၊ မူးဝေခြင်း၊ ဝမ်းပျက်ခြင်း၊ အရေပြားယားယံခြင်း စတဲ့ ပြဿနာတွေ ဖြစ်စေနိုင်တာကြောင့် ကျွဲကျောင်းမင်ဆေး ပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။
သန္ဓေအောင်ခြင်းကို ဆန့်ကျင်တဲ့ အာနိသင်ရှိတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သားသမီးရယူလိုသူ မိခင်လောင်းတွေ ကျွဲကျောင်းမင်ဆေးပင်ကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူတွေ ကျွဲကျောင်းမင်ဆေးပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။










