
မန္တလေးမှာ ခန့်မှန်းတန်ဖိုးငွေ ကျပ်သန်းပေါင်း ၁၅,၀၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးသတင်းမှာ ဧပြီ ၇ ရက်ညက ဖော်ပြပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းချနေသူတွေ ရောက်နေတယ်ဆိုတဲ့ သတင်းပေးချက်အရ ဧပြီ ၆ ရက် မနက် ၈ နာရီခွဲမှာ သွားရောက်ဖမ်းဆီးခဲ့ပြီး (ဆ) ရပ်ကွက်၊ ၅၄(ဘီ)လမ်း၊ ၁၂၈ x ၁၂၉ လမ်းကြားမှာ အောင်ကျော်စိုးနဲ့ ဇနီးဖြစ်သူ သူဇာသန်း (ခ) သီတာ တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် အမရပူရမြို့နယ်၊ ဒေါင်းရွေးရွာမှာရှိတဲ့ သူတို့ရဲ့နေအိမ်ကို သွားရောက်ရှာဖွေတာမှာ စိတ်ကြွရူးသွပ်ဆေးပြား ၉၉ သိန်းကျော်၊ ဘိန်းဖြူ ၅ ဒသမ ၅ ကီလိုဂရမ်၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေ ကျပ်သန်း ၁၅,၀၂၀ ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ရဲ့ထွက်ဆိုချက်အရ မန္တလေးမြို့မှာ မူးယစ်ဆေးဝါးတွေ ပြန်ရောင်းချဖို့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နေ အိုက်ချမ်က သူ့ရဲ့အစီအစဉ်နဲ့ ပို့ပေးခဲ့တာလို့ဆိုပြီး အိုက်ချမ်ကိုတော့ ဖမ်းမမိသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။
ပုံမှန်ဆိုရင်တော့ အခုလို ပမာဏများတဲ့ မူးယစ်ဆေးအမှုတွေမှာ ဆက်စပ်သူတွေ ဖမ်းမိနိုင်အောင် ကြိုးစားပြီး ရက်တော်တော်ကြာမှ ထုတ်ပြန်လေ့ရှိပေမဲ့ အခုတော့ ဖမ်းမိပြီးတာနဲ့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။










